Tuesday, February 16, 2010

Server Clustering ဆိုတာ . . . (1)

Clustering ဆိုတာ ဘာလည်း ?
နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် Server တွေ၊ ဒါမှမဟုတ်လည်း Computer တွေဟာ Application တစ်ခု ( တနည်းအားဖြင့် အလုပ်တစ်ခု) ကို အတူတကွ အလုပ်လုပ်ကြ ၊ serve လုပ်ကြတာဖြစ်ပါတယ်။ website တွေ လူသုံးအလွန်များလာတာမျိုး ၊ database တွေ query access အလွန်များလာတာမျိုးကြရင် Server တစ်လုံးထဲနဲ့ ပြန်ပြီး respond လုပ်ဖို့ မနိုင်တော့ပါဘူး။ Server တွေခွဲပြီး Cluster လုပ်လိုက်ချင်းအားဖြင့် ပိုကောင်းတယ့် respond time ကိုလည်းရနိုင်သလို ၊ Server တစ်လုံးလုံးမှာ network error ပဲဖြစ်ဖြစ် hardware failure ပဲဖြစ်ဖြစ် ( HDD ပျက်သွားတာမျိုး) တစ်ခုခုဖြစ်ရင် Site တစ်ခုလုံး ၊ Database တစ်ခုလုံး ရပ်သွားခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

Clustering လုပ်တဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ Cluster တစ်ခုမတည်ဆောက်ခင်မှာ ကိုယ့်ရဲ့ လိုအပ်ချက် ပေါ်မှာ မူတည်ပြီး ဘယ်လို Clustering မျိုးလုပ်မလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ ယေဘူရ အားဖြစ်တော့ Clustering ပုံစံ နှစ်မျိုးရှိပါတယ်။

Failover cluster
Server နှစ်လုံးရှိနေမယ်၊ တစ်လုံးက down သွားရင် နောက်တစ်လုံးက ချက်ချင်း ပထမ server နေရာကိုယူပြီး respond ဆက်လုပ်နေတာမျိုးပါ။ User တွေဘက်ကကြည့်ရင် Server တစ်လုံး down သွားတာ သိလိုက်မှာမဟုတ်ပါဘူး။ Active - Passive setup လို့လည်း ခေါ်ပါတယ်။

ဥပမာ WebSvr1 နဲ့ WebSvr2 ဆိုကြပါဆို့။Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ ပုံမှန်အားဖြင့် WebSvr1 ကပဲ respond လုပ်ပါတယ်။ User 1 က www.example.org လို့ surf လုပ်ရင် WebSvr1 ကပဲ respond ပြန်သလို၊ User 2 က www.example.org လို့ surf ရင်လည်း WebSvr1 ကပဲ respond လုပ်ပါတယ်။ WevSvr1 အကြောင်းတစ်ခုခုကြောင့် down သွားရင်တော့ WevSvr2 က အစားထိုးဝင်ရောက်ပြီး User 1 နဲ့ User 2 ကို respond လုပ်ပါတယ်။ User 1 နဲ့ User 2 အနေနဲ့ Svr1 down သွားကြောင်း သိလိုက်မှာ မဟုတ်ပါဘူး။ ဒါ Failover cluster ပါ။

Load balance cluster
Active - Active setup လို့လည်း သုံးလေ့ရှိပါတယ်။ Server နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် server တွေက အလုပ်တစ်ခုကို မျှဝေလုပ်ကြတာမျိုးပါ။ ( Grid computing ၊ Server System Image တို့ကို hardware level clustering အဖြစ်ပြောကြလေ့ရှိပါတယ်။ Server clustering technology တစ်ခုချင်းကို နောက်မှ အခွင့်သင့်ရင် အသေးစိတ်ရေးပါအုန်းမယ်။ )

အခုတော့ မြင်သာအောင် Network Load Balancing Cluster ကို ဥပမာပေးပါရစေ။၊ အပေါ်က ဥပမာအတိုင်း Website တစ်ခုကို web server နှစ်လုံးက round-robin network load balanced ပုံစံနဲ့ ဥပမာ ပြောရရင်၊ Web Server နှစ်လုံးရှိမယ် WebSvr1 နဲ့ WebSvr2။ Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ User 1 က www.example.org လို့ surf လုပ်လိုက်ရင် WebSvr1 က respond လုပ်ပါမယ်။ User 2 က surf လုပ်ရင် WebSvr2 က respond လုပ်ပါမယ်။ တကယ်လို့ User 3 ထပ်ရောက်လာရင် WebSvr1 က respond လုပ်ပါလိမ့်မယ်။ Server loading ကို balance လုပ်ယူလိုက်တာပါ။ User 4 ထပ်ရောက်လာရင် Svr2 က respond လုပ်ပါလိမ့်မယ်။ တကယ်လို့ Svr1 ကသာ down သွားရင် User လေးယောက်လုံးကို Svr2 က ဆက်ပြီး respond လုပ်ပါလိမ့်မယ်။ Load balanced လုပ်ထားရာကနေ ၊ တစ်လုံးပြုတ်သွားတော့ ပိုတော့ နှေးသွားကောင်း နှေးသွားနိုင်ပါတယ်။

Failover နဲ့ NLB ဘာကွာလဲ
Srv 1 down သွားရင် Srv 2 က အလုပ်လုပ်ပေးတာ၊ ဒါဆို သိပ်မကွာဘူးလို့ ထင်နိုင်ပါတယ်။ ရောနေနိုင်လို့ ပြန်ရှင်းပါမယ်။ Failover မှာတုန်းက Server နှစ်လုံးက Active-Passive ပါ။ Active အလုံးက ကောင်းကောင်းအလုပ်လုပ်နေ သေးသမျှ Passive အလုံးက standby အနေအထားမှာပဲနေပါတယ်။ အလုပ်ဝင်မလုပ်ပါဘူး။ သူ့ဟာသူ မနိုင်မနင်းဖြစ်လည်း ဂရုမစိုက်ပါဘူး။ သူ down မှ ငါ role တက်မှာဆိုတာမျိုးစိတ်ထားနဲ့ကို လစ်လျှူရှူထားပါတယ်။ NLB မှာကတော့ Active-Active ပါ။ ရှိသမျှ Server အားလုံးက load ကို ခွဲယူထားတာပါ။ အပေါ်က Scenario မှာ server နှစ်လုံးဆိုပေမယ့် Server သုံးလုံး အနေနဲ့ စဉ်းစားရင် ပိုရှင်းမယ်ထင်ပါတယ်။ User ခြောက်ယောက်ကို Server သုံးလုံးက နှစ်ယောက်စီခွဲပြီး respond လုပ်နေရာကနေ၊ Srv 1 down သွားရင် Srv 2 နေ့ Srv 3 က သုံးယောက်ဆီ ခွဲယူပြီး respond လုပ်ပေးပါလိမ့်မယ်။ Srv 1 မ down ခင်ကလည်း သူတို့ အလုပ်လုပ်နေပါတယ်။ Srv 1 down သွားတော့ သူတို့ပိုအလုပ်ရှုပ်သွားတယ်။

အခုနောက်ပိုင်းမှာ failover စစ်စစ်ကို သုံးတာ ရှားပါတယ်။ NLB server ငါးလုံးအတွက် Srv တစ်လုံးကို standby အနေနဲ့ ထားပေးထားတာမျိုးပဲရှိပါတော့တယ်။ Server တစ်လုံးအတွက် နောက်တစ်လုံး standby ထားပေးထားတာမျိုး မလုပ်ကြတော့ပါဘူး။ ကုန်ကျစရိတ်အရရော ၊ မီတာအလကား ကုန်နေတာမျိုးလည်း မဖြစ်အောင်ပါ။


Server တွေကို cluster လုပ်ပြီး သုံးရင် ဘာတွေပိုကောင်းမလည်း ?
1 . High Availability
နှစ်လုံးထက်ပိုတယ့် Server တွေကို အတူတကွ အလုပ်လုပ်စေတာမို့လို့ Failover မှာပဲဖြစ်ဖြစ် NLB မှာပဲဖြစ်ဖြစ် Server တစ်လုံး down သွားရုံနဲ့ operational state ရပ်မသွားပါဘူး။ ဆက်ပြီး အလုပ်လုပ်နေနိုင်သေးတယ့် အတွက် Availability အသုံးပြုနိုင်စွမ်း ပိုမြင့်စေပါတယ်။ ဒါဟာ User တွေရဲ့ စိတ်ကြေနပ်မှုအတွက် အရေးပါပါတယ်။
2. Better Performance
Failover cluster မှာတော့ ဒီအချက်ဟာ သိပ်အကြုံးမဝင်ပါဘူး။ NLB cluster မှာတော့ Request 200 ကို Server တစ်လုံးထဲက reply လုပ်တာထက်၊ Server နှစ်လုံးက reply လုပ်တာမို့ ပိုမြန်မြန်ဆန်ဆန် respond လုပ်နိုင်တာ တွေ့ရပါလိမ့်မယ်။
( Note: CPU 3.0 MHz နဲ့ Memory 4GB server နှစ်လုံးကို cluster လုပ်တာနဲ့ CPU 3.0 MHz Dual Processor နဲ့ Memory 8GB server တစ်လုံး performance ချင်းယှဉ်ရင် Cluster ကသာပါလိမ့်မယ်။ ကိန်း ဂဏန်းအရ အတူတူလောက်ရှိပေမယ့် motherboard က bus speed တို့၊ Network traffic တို့ ထဲ့တွက်ရပါလိမ့်မယ်။ Critical application ဆိုရင် High-Availablity(HA) ကိုလည်း အရေးပါတယ့် factor အနေနဲ့ ထဲ့တွက်ရပါတယ်။ )
3. Better Scalability
User တွေအရမ်းများလာမှ တစ်လုံးထဲကနေ ပိုပြီး powerful ဖြစ်တယ့် Server ကိုရွှေ့ရရင် မလွယ်ပါဘူး။ Clustered environment မှာတော့ cluster ကို တိုးချဲ့ရတာ ပိုလွယ်ပါတယ်။ Cluster ထဲကို Server တွေတိုးပြီး ၊ load ကိုပြန်ထိန်းဖို့က ပိုပြီး အဆင်ပြေ လွယ်ကူပါတယ်။

Clustering မှာ ဒီနှစ်ခုကိုပဲပြောနေတယ် ထင်အုန်းမယ်။ ဒီ concept နှစ်ခုအတွက် technology အမျိုးမျိုး ကွဲပြီးဖြစ်လာတာမို့၊ ဒီနှစ်ခုကို အရင်ပြောချင်လို့ပါ။ ဒါပေမယ့် ဆက်ပြောချင်တယ့် အကြောင်းအရာတွေက စာကြီးပဲဖတ်ဖို့ထက် ပုံလေးတွေနဲ့မှပိုအဆင်ပြေမယ်ထင်တယ်။ ပုံလေးတွေဆွဲပြီးမှ နောက် post တစ်ခုဆက်ရေးတော့မယ်ဗျာ။

Divinity

Tuesday, February 2, 2010

Linux Directory Structure

Linux system ကိုစလေ့လာမယ်ဆိုရင် Linux ရဲ့ directory structure ဟာ Windows နဲ့ လုံးဝကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ Windows မှာတုန်းကလို C: D: တွေလည်းမရှိတော့ သလို Windows directory လိုမျိုးလည်း ရှာတွေ့မှာမဟုတ်ပါဘူး။Windows မှာဆိုရင် ဒါကတော့ C:\windows အောက်မှာ၊ ဒါဆိုရင်တော့ system32 အောက်မှာ ဆိုတာမျိုး ရင်းနှီးနေပေမယ့် Linux မှာဆိုရင်တော့ ဘယ်လို file တွေက ဘယ် directory အောက်မှာရှိတတ်တယ်ဆိုတာ စစချင်းမှာ ရှာဖို့ခက်နေတတ်ပါတယ်။ ဒါဆို Linux မှာဘာတွေရှိလည်း၊ အဲဒါတွေက ဘာတွေလည်းဆိုတာ နည်းနည်းလေ့လာကြည့်ရအောင်။ (Linux / Unix environment မှာ directory ဆိုတယ့် အသုံးအနှုန်းအစား File System လို့လည်းသုံးတတ်ပါတယ်။ )

Linux distribution အလိုက် တခြား directory တွေရှိတတ်ပေမယ့် ကျနော်တို့ Linux တိုင်းမှာပါတယ့် Generic ဖြစ်တယ့် directory တွေကို အဓိက ကြည့်ကြရအောင်။

Linux မှာdirectory( file system) တွေ အားလုံးက System Root directory လို့ခေါ်တယ့် '/' ကနေစပါတယ်။ System root directory ဖြစ်တဲ့ “/” အောက်ကနေ ကျန်တဲ့ directory တွေအားလုံး ဆက်သွားပါတယ်။ ဒါကြောင့် /boot တို့ /etc တို့ဆိုပြီး '/' ရဲ့နောက်မှာ ဆက်ပြီးရေးကြတာပါ။ ( ဒါဆို '/' က C: ကြီးပေါ့လို့တော့ မထင်ပါနဲ့။ တူတာတွေရှိပေမယ့် မတူတာတွေလည်းရှိပါတယ်။) Linux ရဲ့ directory structure ကတော့


/ --
- /boot
- /sbin
- /bin
- /etc
- /home
- /root
- /lib
- /usr
- /var
- /tmp
- /dev
- /mnt
- /proc
- /opt



/
ဒီ directory ကတော့ Linux directory structure ရဲ့ အစမှတ်ဖြစ်ပါတယ်။ System Root directory လို့ ခေါ်ပါတယ်။ ဒါပေမယ့် အလွယ်တကူ root directory လို့ပဲခေါ်ကြတယ့် အတွတ် Root user ရဲ့ home directory ဖြစ်တယ့် /root နဲ့ ရောတတ်ကြပါတယ်။ ကျန်တယ့် directory တွေဟာ Root directory ( '/' ) ကနေမှ directory tree အဖြစ်ခွဲထွက်လာကြတာပါ။
Root directory ( '/' )က ပုံမှန်အားဖြင့် directory တွေစုထားတယ့် ပင်မ directory တစ်ခုပါ။ Root directory ( '/' ) ရဲ့ အောက်မှာ (/usr တို့ /bin တို့လို) directory တွေပဲရှိတတ်ပါတယ်။ ပုံမှန် file တစ်ခုကို '/' အောက်မှာ ဖွဲ့စည်းလေ့မရှိပါဘူး။


/boot
Boot directory ကတော့ Operation system တစ်ခု boot တက်လာဖို့လိုအပ်တယ့် file တွေ သိမ်းစည်းထားတယ့် နေရာပါ။ /boot directory ရဲ့ အောက်မှာ Boot loader လို့ခေါ်တယ့် Grub တို့ lilo တို့ရဲ့ config file တွေ၊ Kernel image တွေ initrd file တွေရှိပါတယ်။


/sbin
System binary directory ပါ။ ဒီ /sbin directory မှာ System administrator တစ်ယောက်အတွက် လိုအပ်မယ့် command တွေ binary တွေကိုထားပါတယ်။ /sbin အောက်မှာရှိတယ့် တစ်ချို့ command တွေကို System Administrator ကသာ Access လုပ်ခွင့်ရှိပါတယ်။ Harddisk ကို partition ပိုင်းတယ့် fdisk တို့ ၊ format ချတယ့် mkfs command တွေကို /sbin အောက်မှာထားပါတယ်။ /sbin ရဲ့ ပုံစံတူ နောက်ထပ် directory တစ်ခုကတော့ /usr/sbin directory ပါ။ Administrator တွေပဲသုံးရတယ့် useradd / userdel / groupadd တို့လို command မျိုးတွေ ထားပါတယ်။


/bin
User တွေအားလုံး နေ့စဉ် အသုံးပြုနေတယ့် binary ( commands) တွေကို /bin directory အောက်မှာထားပါတယ်။ cp / mv / rm / ls တို့လို command တွေအပြင် SHELL တွေဖြစ်တယ့် bash တို့ csh တို့ကိုနဲ့ ဆိုင်တယ့် binary တွေကို /bin directory ထဲမှာ ထားပါတယ်။


/etc
Editable Text Configuration directory လို့ ဆိုတယ့် အတိုင်း System မှာရှိတယ့် services တွေရဲ့ configuration file တွေကို /etc directory ထဲမှာ ထားလေ့ရှိကြပါတယ်။ Hostname configuration အတွက် hosts file တို့၊ DNS server address မှတ်တယ့် resolve.conf တို့လို configuration file တွေအပြင်၊ GUI windows အတွက် လိုအပ်တယ့် X11 ရဲ့ configuration တွေလည်းရှိပါတယ်။ တကယ်လို့ သင့်ရဲ့ System ပေါ်ကို တစ်ခြား application တွေ တင်မယ်ဆိုရင် ၊ ဆိုကြပါဆို့ Apache တို့ MySQL server တို့ တင်မယ်ဆိုရင် Apache service အတွတ် Mysql-server service အတွက် လိုအပ်တယ့် Configuration file တွေကို /etc အောက်မှာ /etc/apache2 စသဖြင့် သက်ဆိုင်ရာ sub-directory အောက်မှာ ထားသွားမှာဖြစ်ပါတယ်။


/home
User တွေရဲ့ home directory ပါ။ User တစ်ယောက်ချင်းအတွက် /home directory ရဲ့အောက်မှာ username နဲ့ sub-directory တစ်ခုဆီ တည်ဆောက်ပေးလေ့ရှိပါတယ်။ (ဥပမာ၊ divinity ဆိုတယ့် user အတွတ် /home/divinity ဆိုတဲ့ directory ကိုဆောက်ပေးမှာဖြစ်ပြီး user 'divinity' ရဲ့ ကိုယ်ပိုင် home directory အဖြစ်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။)User တစ်ယောက်ရဲ့ home directory ကို တစ်ခြား user တစ်ယောက်က ဝင်ကြည့် ဝင်ပြင် လုပ်လို့မရအောင် လုပ်ထားလေ့ရှိပါတယ်။ User တစ်ယောက်ချင်းစီရဲ့ Environmental variable / parameter တွေကိုလည်း သက်ဆိုင်ရာ User ရဲ့ home directory အောက်မှာ သက်မှတ်ပေးလေ့ရှိပါတယ်။


/root
ဒီ directory ကို directory tree ရဲ့ အစဖြစ်တယ့် System Root directory ( '/' ) နဲ့ ရောတတ်ကြပါတယ်။ ဒီ /root directory က Linux system တွေရဲ့ SuperUser ဖြစ်တယ့် root user ရဲ့ home directory ဖြစ်ပါတယ်။ System root directory ( '/' ) နဲ့ဘာမှမဆိုင်ပဲ System root ရဲ့အောက်မှာ ဒိုက်ရိုက်ရှိနေတယ့် directory တစ်ခုမျှသာဖြစ်ပါတယ်။


/lib
Linux system နဲ့ သူ့ရဲ့ Program တွေက အသုံးပြုမယ့် library files တွေထားတယ့်နေရာဖြစ်ပါတယ်။ Library file ဆိုတာ Windows မှာ ဆိုရင်တော့ DLL file တွေနဲ့ တူပါတယ်။


/usr
User application တွေနဲ့ သက်ဆိုင်တဲ့ file တွေကို ထားတယ့်နေရာဖြစ်ပါတယ်။ User တွေအသုံးပြုမယ့် telnet တို့ ftp တို့အတွတ် binary တွေ configuration တွေကို /usr အောက်က သက်ဆိုင်ရာ sub-directory တွေထဲမှာ ထားပါတယ်။ ( ဥပမာ၊ တကယ်လို့ Apache ကို install လုပ်ထားမယ်ဆိုရင် Apache configuration file က /etc အောက်ကိုရောက်နေပေမယ့် ကျန်တယ့် Apache module တွေက /usr အောက်မှာ ရှိမှာဖြစ်ပါတယ်။ )


/var
ဒီ directory ကတော့ Spooling လုပ်ဖို့လိုအပ်တယ့် data တွေကို ထားတယ့် နေရာလို့ ပြောလို့ရပါတယ်။ Variable data directory လို့ခေါ်တယ့် အတိုင်း အမြဲတန်းပြောင်းလဲနေတယ့် file တွေပါ။ Printer deamon ရဲ့ printer spool လိုမျိုးတွေ၊ Mail server တွေရဲ့ mailbox တွေ mail queue တွေကို /var အောက်မှာထားပါတယ်။ Linux system ရဲ့ system log file တွေကိုလည်း /var/log directory ထဲမှာ ထားလေ့ရှိပါတယ်။ System မှာ run နေတယ့် service တွေနဲ့ system ရဲ့ လုပ်ဆောင်ချက်အားလုံးနည်းပါးကို /var/log အောက်မှာ သက်ဆိုင်ရာ log file တွေနဲ့ မှတ်ပါတယ်။


/tmp
User တိုင်း Service တိုင်း everyone full permission ရတယ့် directory တစ်ခုပါပဲ။ Service တွေအတွက် လိုအပ်တယ့် temporary file တွေကို /tmp directory ထဲမှာ ထားလေ့ရှိပါတယ်။ /tmp ထဲက temporary file တွေကို အချိန်အပိုင်းအခြားတစ်ခုနဲ့ဖြစ်စေ၊ Program ကအသုံးပြုပြီးသွားရင် သူ့အလိုအလျောက်ဖြစ်စေ၊ system reboot မှာဖြစ်စေ ရှင်းပြစ်လေ့ရှိပါတယ်။


/dev
Linux system ရဲ့ အထူးစမ်းဆုံး directory ပါ။ Computer မှာရှိနေတယ့် hardware တွေကို file တွေအဖြစ်နဲ့ ပြထားတာကို တွေ့ရပါလိမ့်မယ်။ /dev/cdrom, /dev/fd0 အစရှိသဖြင့် computer ရဲ့ CDrom device နဲ့ floppy device ကို ကိုယ်စားပြုတယ့် file တွေ ကိုတွေ့ရပါလိမ့်မယ်။ IDE hard drive တွေကို ပထမ hard drive ကို /dev/hda၊ ဒုတိယ hard drive ကို /dev/hdb အစရှိသဖြင့်၊ SATA, SCSCI drive တွေကို /dev/sda , /dev/sdb အစရှိသဖြင့် ကိုယ်စားပြုလေ့ရှိပါတယ်။ /dev directory မှာရှိတယ့် file တိုင်းဟာ read နိုင် write နိုင်ပြီး hardware device တွေကို direct communicate လုပ်ပါတယ်။ ဥပမာပြောရရင် /dev/dsp ဆိုတယ့် file ဟာ system speaker ကို ကိုယ်စားပြုပါတယ်။ Speaker file ကို တစ်ခုခုရေးကြည့်ရအောင်။ echo "Hello testing" >> /dev/dsp လို့ command ရိုက်ရင် speaker က အသံတစ်မျိုးထွက်ပါလိမ့်မယ်။ (Hello Testing လို့တော့ မဟုတ်ဖူးပေါ့ဗျာ။ /dev အောက်က fileတွေကို read / write လုပ်ချင်းအားဖြင့် hardware device တွေကို access လုပ်တယ်ဆိုတာ သိစေရုံ သက်သက်မျှသာ ဖြစ်ပါတယ်။ )


/mnt
Linux system တွေရဲ့ Generic mount point ဖြစ်ပါတယ်။ Default မှာတော့ directory အလွတ်ကြီးတစ်ခုပါ။ ဥပမာ pen drive လေးတပ်လိုက်တယ်ဆိုရင် တကယ်လို့ pen drive ကို detect ဖြစ်မယ်ဆိုရင် Linux က /mnt အောက်မှာ mount point တစ်ခု တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ /mnt/FAT ဆိုတာမျိုးပေါ့။ အဲဒီ /mnt/FAT ကို ဖွင့်ကြည့်ရင် ကိုယ့် pen drive ထဲက file တွေကို မြင်ရမှာဖြစ်ပါတယ်။ တစ်ချို့ device တွေကို manual mount လုပ်ပေးရရင်လည်း Generic အနေနဲ့ /mnt အောက်မှာပဲ mount လုပ်ကြလေ့ရှိပါတယ်။


/proc
Linux ရဲ့ ထူးစမ်းတဲ့ file system / directory နောက်တစ်ခုဖြစ်ပါတယ်။ /proc directory ဟာ ဘယ် hardware media ပေါ်မှာမှ မရှိပါဘူး။ Virtual memory ထဲမှာ ယာယီတည်ဆောက်ထားတယ့် directory တစ်ခုဖြစ်ပါတယ်။ Operation system ရဲ့ လက်ရှိ အခြေအနေ (Current state) ကိုဖော်ပြတယ့် file တွေကို tree structure တစ်ခုလို directory အဆင့်ဆင့်နဲ့ တည်ဆောက်ထားပြီး အချိန်နဲ့အမျှပြောင်းလည်းနေနိုင်တယ့် filesystem တစ်ခုလည်းဖြစ်ပါတယ်။ /proc အကြောင်း အသေးစိတ်ကတော့ ဒီ URL ကို ညွှန်ပါရစေ
http://www.freeos.com/articles/2879/


/opt
Unix standard directory တစ်ခုဖြစ်ပြီး Linux system တွေမှာ အသုံးနည်းတဲ့ directory တစ်ခုပါ။ Default installation တုန်းက မပါခဲ့တယ့် system / operation system နဲ့လည်း မသက်ဆိုင်တယ့် Application တွေကို /opt အောက်မှာ install ကြလေ့ရှိပါတယ်။ Linux distribution အများဆုကတော့ /usr ကို ပိုအသုံးများပြီး /opt ကို သိပ်အသုံးပြုလေ့မရှိပါဘူး။

................

ဒီ directory structure အကြောင်း ဒီတိုင်းဖတ်ရင် နည်းနည်း ခေါင်းနောက်သွားနိုင်ပါတယ်။ ဒါပေမယ့် Linux computer တစ်လုံးနဲ့ ယှဉ်ပြီး ကြည့်ရင် အလွန်လွယ်လွယ်ကူကူ သဘောပေါက်နိုင်ပါတယ်။ Linux community တွေမှာ ပြောလေ့ရှိတယ့် စကားတစ်ခုရှိပါတယ်။ 'Get your hands dirty'။ လက်တွေ့လုပ်ဖို့ တိုက်တွန်းတယ့် idiom တစ်ခုဖြစ်ပါတယ်။ စမ်းသပ်ရင်း နားလည်လာရင် Linux installation လုပ်ကတည်းက ကိုယ်က ဒီ linux box ကို ဘာ အတွက်အသုံးပြုမလည်း ဆိုတာပေါ်မူတည်ပြီး partitioning ကို လိုသလို partition ပိုင်းပြီး ပိုကောင်းတယ့် read / write speed ကို လည်း ရနိုင်ပါလိမ့်မယ်။

Linux system တစ်ခုအတွက် partitioning stage အကြောင်းကိုလည်း နောက် doc တစ်ခုမှာ ရေးဖို့ကြိုးစားပါမယ်။ Guide line ဆိုတာမျိုးထက် partitioning အကြောင်းရှင်းပြရင်းနဲ့ ဘယ်လို server မျိုးအတွက် ဘယ်လို partition scheme မျိုးထားသင့်တယ်ဆိုတာမျိုး ဆွေးနွေးချင်ပါသေးတယ်။ ကျေးဇူးတင်ပါတယ်။


Divinity

Zkoss (အပိုင်း၁)

Hello "Zero Divided By Zero Is Zero" ပါ။ ကျွန်တော့်နာမည်ပါ။ ကျောင်းမှာသချာင်္ကို နှစ်ပေါင်းများစွာသင်ခဲ့ပါတယ်။ သုညနဲ့စားတာ အင်ဖင်နတီရတယ် ဆိုတာ အခုခေတ်သင်္ချာမှာရတာပါ။ ကျွန်တော်က Rules of Brahmagupta ထဲက RULE တစ်ခုကို ယူထားတာပါ။အဲဒါက မိတ်ဆက်တာပါ။ Java ကို ကကြီးခခွေးလောက်ရေးတတ်ပြီး၊ စင်ကာပူ ကုမ္ပဏီတစ်ခုမှာ အောက်ခြေသိမ်းအလုပ်တွေလုပ်ပါတယ်။

ဘလက်ဟပ်တွေ ၀ှိုက်ဟပ်တွေမဟုတ်ပါဘူး။ ဘာကိုမှမဟပ်တတ်ပါဘူး။ အလုပ်ထဲက ကိုယ်လုပ်လိုက်တဲ့ တလွဲတွေလောက်ရေးကြမလို့ပါ။ :) ... ( Hacker ကို စာလုံးပေါင်းမမှန်သေးတဲ့လူတွေအတွက်တော့ ပြောစရာစကားမရှိသေးပါ။ )

ZK ဟာ ပျော်စရာကောင်းတဲ့ Ajax -based Web Application Framework ဖြစ်ပါတယ်။ MVC နဲ့ပြောရင်တော့ View အတွက် အဓိက သုံးတယ်လို့ပြောလို့ရပါတယ်။ အခု Phase I ပြီးသွားတဲ့ Comfort Taxi Company အတွက်လုပ်ကြတဲ့ IBS (Integrated Billing System) မှာ ZK သုံးခဲ့ပါတယ်။ (တခါတလေလည်း International Bullshit System လို့ IBS ကိုပြောကြပါတယ်။)။ xml နည်းနည်းလေး အခြေခံရှိရင်ရပါတယ်။ လွယ်ပါတယ်။ သူပေးထားတာထက် ပိုသုံးချင်တဲ့အခါကြရင်သာ နည်းနည်းခက်ပါတယ်။

သူ့ရဲ့ Demo လေးကို ကြည့်လိုက်ပါဦး။
Eclipse မှာ Install လုပ်ကြည့်ပြီး စမ်းရေးကြည့်လို့ရပါတယ်။

Java က သိပ်ကို အိုမင်းနေတဲ့ နည်းပညာပါ။
ဒါပေမယ့်လည်း သူ့မှာလည်း အဆင်ပြေတာလေးတွေရှိပါတယ်။

Java ရေးနေလို့ Java ကောင်းတယ်မပြောပါဘူး။
ဘယ် language ပဲရေးရေး၊ ခြေခြေမြစ်မြစ်နားလည်ရင် ကောင်းပါတယ်။
Hello World ကို Language အခု ၁၂၀ နဲ့ရေးတတ်တာဟာ ကျွမ်းကျင်မှုမဟုတ်ပါဘူး။
ပျော်ပျော်ပါးပါး လေ့လာကြည့်တာကောင်းပါတယ်။
လေ့လာပြီးသားကို သုံးကြည့်တာပိုကောင်းပါတယ်။

များများသိပြီး နည်းနည်းမှ မဝေငှချင်သော ချစ်သူငယ်ချင်းများအားလုံးကို တွေ့ရာအရပ်က မေတ္တာပို့နေပါတယ်။

Zero Divided By Zero Is Zero.




နှုတ်ခွန်းဆက် ...

ကျွန်တော်တို့ အနေနဲ့ ကိုယ်လေ့လောနေတာတွေကို ပြန်ပြောဖို့ စဉ်းစားမိကြတာတော်တော်လေးကြာပါပြီ။ မနှစ်ကကတည်းက စာအတူရေးဖို့ ညှိနေတာ ဟိုရွှေ့ဒီရွှေ့လုပ်နေတာနဲ့ မလုပ်ဖြစ်သေးတာ အတော်လေးကြာပါတယ်။ ကိုယ်လုပ်ဖြစ်တာတွေပဲရေးမှာဖြစ်လို့ အရမ်းကို Technical ဆန်တာတွေပဲဖြစ်မှာပါ။ လိုအပ်တာတွေကို မြန်မာလိုချည်းပဲ ရေးလို့အဆင်မပြေတဲ့အခါ English လို ရေးတာတွေလည်း စုစည်းပြီးထည့်ပေးဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့တွေက အပိုလုပ်တွေ လုပ်မှာမဟုတ်တဲ့အတွက် အလုပ်လုပ်နေရင်း တွေ့ရကြုံရတဲ့ပြဿနာတွေကိုပဲ ရေးဖြစ်မှာပါ။ သူငယ်ချင်းတွေထဲက ရေးဖို့စိတ်ဝင်စားတဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်။ လောလောဆယ်တော့ JAVA အတွက်တစ်ယောက်နဲ့ Network အတွက် တစ်ယောက်ရေးဖို့ရှိပါတယ်။ Professional ဆန်ဆန်ပြောတာမျိုးတွေကို ပြန်ပြီးဆွေးနွေးသွားဖြစ်ပါမယ်။ ... နည်းပညာသမားတွေအတွက် ပျော်စရာကောင်းမယ့် ဘလော့ခ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Just to Prove, we Myanmar are smart.