Showing posts with label Linux. Show all posts
Showing posts with label Linux. Show all posts

Thursday, February 7, 2013

Why CentOS ?

System Engineer ဒါမှမဟုတ် Unix / Linux engineer လုပ်ဖို့ ရည်ရွယ်ချက်ထားရင် Ubuntu လို OS မျိုးထက် CentOS ကို ပိုလေ့လာဖို့ ပြောဖူးပါတယ်။ ဘာလို့လည်း ? Ubuntu လည်း Server သုံးလို့ရတယ်၊ Debian လည်း တော်တော်ကောင်းတယ်၊ CentOS က ဘာပိုသာသလည်း ?

ဒီလိုမေးရင်တော့ Technically ဘာမှ ပိုမသာဘူး လို့ပဲဖြေရပါမယ်။ Package update တွေမှာဆိုလည်း Debian / Ubuntu ကပိုမြန်တယ်။ Ubuntu နဲ့ Debian မှာဆိုရင်တော့ Server အတွက်ဆိုရင် Debian ကပိုကောင်းနေပါသေးတယ်။ Free Opensource ဖြစ်ချင်း community အားကောင်းခြင်းတွေကြောင့် Debian နဲ့ Ubuntu က SME server တွေမှာ Redhat / CentOS ထက် နေရာပိုယူလာနိုင်ပါတယ်။ ဒါပေမယ့်.... ဒါဟာ စာလုံးကြီးကြီးနဲ့ ရေးသင့်တယ့် 'ဒါပေမယ့်'ပါ ..

Enterprise environment တွေမှာ Redhat ကို ကျော်နိုင်တယ့် Linux မရှိသေးဘူးလို့ပဲ ပြောရပါမယ်။ Commercial support ဆိုတာကို ခဏမေ့ထားပြီး server တစ်ခုအတွက် တခြားအကြောင်းအရာတွေကို ထဲ့စဉ်းစားကြည့်ရအောင်။ Enterprise ကြီးတစ်ခုရဲ့ database server လို့ပြောရင် MySQL , PostgreSQL တို့မဖြစ်ဖို့များပါတယ်။ Oracle ဖြစ်ရင်ဖြစ်မယ်၊ IBM DB2 လည်းဖြစ်ရင်ဖြစ်မယ်၊ ဒီလို giant commercial product ကြီးတွေက သူတို့ product အတွက် support ကို branded OS တွေအတွက်ပဲ ပေးပါတယ်။ ဆိုလိုတာကတော့ Oracle က AIX , HP-UX မှာပဲ support လုပ်တယ်လို့ ပြောထားရင် ၊ တခြား OS မှာသွင်းလို့ ဖြစ်သမျှ ပြသနာကို သူတို့တာဝန်မယူပါဘူး။ သုံးနေရင်းနဲ့မှ ဖြစ်ရင် သူတို့ product က ပြသနာဆိုရင်တောင် unsupported configuration ဆိုပြီး technical support ပေးဖို့ ငြင်းနိုင်ပါတယ်။ User ဘက်က supported hardware / supported OS မှာမသုံးရင် သူတို့ ပြသနာမဟုတ်ဖူးလို့ သတ်မှတ်ပါတယ်။ အဲတော့လည်း Enterprise company ကြီးတွေက အမှားမခံနိုင်တယ့် Server တွေမှာ branded OS ကြီးတွေသုံးဖို့ပဲ စဉ်းစားပါတယ်။ ဒါက Redhat ပိုနေရာရရခြင်း အကြောင်းတစ်ခု။

နောက်တစ်ခုက stability ပါ။ Redhat မှာ fancy new stuffs တွေမပါပါဘူး။ Package တိုင်းက နောက်ဆုံး up to date ကိုမရနိုင်ပါဘူး။ ဒါက drawback လို့ပြောလို့လည်း ရပါတယ်။ လုံးဝ stable လို့သတ်မှတ်တယ့် version အထိပဲ ပေးပါတယ်။ New feature တွေကိုစမ်းသပ်ပြီး အဆင်ပြေရင်တော့ back ported လုပ်ပေးပါတယ်။

နောက်တစ်ခုက Support။ Commercial Support ဆိုတာ ပိုက်ဆံပေးရတာကိုပဲ တွက်လို့မရပါဘူး။ တစ်ခုခုဖြစ်ရင် နောက်မှာ ဒီ product ကို specialize လုပ်တဲ့ expert တွေရှိတယ်လို့ စိတ်ထဲထားလို့ရပါတယ်။ Red Hat ရဲ့ L3 support တွေက အများအားဖြင့် RH ရဲ့ သက်ဆိုင်ရာအပိုင်းကို in and out သိတဲ့သူတွေပါ။ ဒါ Commercial Support တော်တော်များများ အတူတူပါပဲ။ အဲဒီအတွက် ပြသနာ တော်တော်များများကို နောက်ဆုံး ကိုယ့် IT team က မဖြေရှင်းနိုင်ရင်တောင်၊ သက်ဆိုင်ရာ support team က ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်လို့ရပါတယ်။

ဒါတွေက MNC တွေ Enterprise company ကြီးတွေက Red Hat ကို Debian ထက် ပိုသုံးတဲ့ အကြောင်းရင်းတွေထဲက တချို့ပါ။ အဲတော့ Debian ကိုကျွမ်းကျင်တာထက် Red Hat ကျွမ်းကျင်တာက Big sh*t company ကြီးတွေက ခေါ်တယ့် အလုပ်တွေနဲ့ ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် CentOS ကိုလေ့လာတာက ပိုပြီး အခွင့်အရေးရှိပါတယ်။ (SuSE လေလာချင်ရင်လည်း OpenSuSE လေ့လာပါ။ )

 တကယ်တမ်း Red Hat expertise လို့ ပြောရင် OS တစ်ခုထဲနဲ့ မရပါဘူး။ JBoss လို့ middleware တွေ၊ RH Cluster တွေ၊ RHN Satellite တို့ product တွေပါ သိဖို့ လိုလာမှာပါ။ ဒါက Career အရ နောက်မှ Advance ဖြစ်သွားပါလိမ့်မယ်။  ဒီ post က နိုင်ငံခြားကို ထွက်ပြီး အလုပ်ရှာဖို့ ရည်ရွယ်ထားကြတဲ့ Administrator level အတွက်ကို ရည်ရွယ်တာပါ။ Linux ကို Career အဖြစ်ရွေးချင်တယ်ဆိုပြီး ၊ ဒါပေမဲ့ လေ့လာတာ မှားနေရင် အလုပ်ရှာရင် အခက်အခဲလေးတွေ ရှိတတ်ပါတယ်။  နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်ကြရင် အလုပ်ဝင်ဝင်ချင်းမှာ ရှိတတ်တဲ့ stress နဲ့ ကိုယ်သေချာမသိတာကို စမ်းတဝါးဝါးလုပ်ရရင် ဖြစ်တဲ့ stress က တချို့ကို  လက်မြှောက်ပြီးပြန်ချင်လောက်အောင်ဖြစ်စေတဲ့အထိ ဆိုးပါတယ်။ အဲဒါကြောင့် Linux သမားလုပ်ချင်တယ်၊ နိုင်ငံခြားထွက်မယ်ဆိုရင်တော့ CentOS ကိုလေ့လာဖို့ အကြံပေးချင်ပါတယ်။

.............
ဒီ စာက ရေးထားတာ လွန်ခဲ့တဲ့ နှစ်နှစ်ကပါ ။ Linux တစ်ရပ်စာ မျော်စင် post သုံးခုပြီးတော့ ရေးထားတာ။ အခု စာပြန်ရေးမည်စဉ်းစားတော့ ဘာရေးရမှန်းမသိလို့ ဒါကို ပြန်ရှာပြီး တင်လိုက်တယ် ဟဲဟဲ ။ စာပြန်ရေးဖို့ ကြိုးစားပါအုန်းမယ် ။

Divinity

Related Posts
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (2)
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (3)


ဪ ssh logon attempt တွေ

Log file တွေထဲမှာ လိုချင်တာရှာရတာ အခက်ဆုံးနဲ့ စိတ်ညစ်စရာ အကောင်းဆုံးက auth.log ဖြစ်မယ်ထင်တယ်။ Internet facing server တွေမှာ ( Internet ကတိုက်ရိုက်သုံးလို့ရတယ့် ၊ company အတွင်းပဲသုံးတာမဟုတ်တယ့် server မျိုးကိုပြောချင်တာပါ) တစ်နာရီမှာ failed login attempt က 500 လောက်ရှိတတ်ပါတယ်။ ပြောရရင်တော့.. ဒါပုံမှန်ပါ။ တကယ် target ထားပြီး လုပ်တာမျိုးမဟုတ်ပါဘူး။ Botnet တစ်ခုက IP range တစ်ခုအတွင်း ရှိသမျှ server တွေကို dictionary သေးသေးတစ်ခုနဲ့ attempt လုပ်ကြည့်တာလောက်ပဲရှိမယ်။ ရည်ရွယ်ချက်ရှိရှိတောင်မဟုတ်ဖူး၊ ဒီလိုပဲ ရောကောသောကောပါသွားတာတောင် ဒီလောက်တော့ရှိမယ်။ ဟုတ်တယ် တစ်ခါတစ်လေ ကံကောင်းရင် တစ်နာရီလောက်အတွင်း attempt လေး ငါးသောင်းလောက်လဲဖြစ်နိုင်တယ်။ Failed attempt ပဲ ပြသနာမဟုတ်ပါဘူးလို့ပြောလို့ရပေမယ့် attempt လုပ်ခံရတာဟာ cracked ဖြစ်ဖို့ တစ်ဆင့်နီးတာပဲ။ ( ကျနော်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် မျက်စိနောက်ပါတယ်။)

SSH service ရှိနေသမျှ ဒါမျိုးတွေရှိမှာပဲ၊ SSH service disable လိုက်တာကောင်းမယ်။ ဟုတ်တာပေါ့။ ဒါဆို attacker တင်မဟုတ်ဖူး ကိုယ်ပါဝင်လို့မရတော့ဘူး ဟဲဟဲ၊ ဒါဆိုအလုပ်နည်းတာပေါ့။ အမှန်က SSH service run ထားရင် သတိထားသင့်တာလေးတွေ ရေးမလို့ပါ။ ကျနော်လို failed attempt တွေကိုမျက်စိနောက်တဲ့သူအတွက် ၊ ဒါမျိုးတွေ နည်းသွားအောင်လို့ လုပ်လို့ရတဲ့ နည်းလေးတွေပေါ့။

1. Root login
SSH ကနေ direct root login ကို disable လုပ်ထားသင့်ပါတယ်။ Normal user နဲ့ပဲဝင်ပြီး sudo သုံးတာဖြစ်ဖြစ် ၊ root user နဲ့သုံးရမှ ကျေနပ်ရင်လည်းနောက်မှ su ပြန်ပြောင်းပြီးဖြစ်ဖြစ်သုံးသင့်ပါတယ်။ ဘာလို့လည်းဆို အကြောင်းပြချက်တစ်ခုက ၊ bot တွေရဲ့ အဓိက target က known user account တွေကိုပါ။ Linux / Unix မှန်ရင် root ဆိုတယ့် နာမည်နဲ့ user ကရှိမှာပါပဲ။ အဲတော့ username မှန်းစရာမလိုပဲ password လောက်ပဲမှန်းရတော့မှာပေါ့။ အဲဒါမျိုးမဖြစ်အောင် root login ကို disable ထားပြီး admin ဆိုပြီး user account လုပ်ပြီးသုံးရင်လည်း သိပ်မထူးဘူးပေါ့။ ဖြစ်နိုင်ရင် အဲလို username မျိုးကိုလည်း မသုံးသင့်ပါဘူး။

2. SSH service port
ဒါက မထင်မှတ်စရာ အသုံးတဲ့ပါတယ်။ SSH attempt အတော်များများက port 22 ကိုပဲ ကြိုးစားကြတာများပါတယ်။ Port scan တစ်ခါဖတ်၊ တစ်ခါ attempt လုပ်ဆိုတာမျိုးက bot နဲ့ random စမ်းတယ့်သူမျိုးက သိပ်မကြိုးစားပါဘူး။ SSH port ကို တခြား port တစ်ခုပြောင်းသုံးသင့်ပါတယ်။

3. public-key authentication
ဖြစ်နိုင်ရင် public-key authentication only သုံးသင့်ပါတယ်။ Password နဲ့ authenticate လုပ်တာကို လုံလောက်တဲ့ security measure လို့ မသတ်မှတ်တော့တာ ကြာပါပြီ။ SSH tunnel ဆောက်တယ့်အချိန် username / password အဆင့်မရောက်ခင်မှာ key အရင်စစ်ပါတယ်။ ( ssh -v နဲ့ စမ်းကြည့်ပါ။) တကယ်လို့ public key authentication only ဆိုရင် rsa / dsa key မမှန်ရင်၊ မတွေ့ရင်ကို authentication break out ဖြစ်သွားပါပြီ ။ Username / password အဆင့်ကို မဆက်တော့ပါဘူး။ အဲတော့ Security ပိုကောင်းတယ်ပေါ့။ Log ကတော့ တက်အုန်းမှာပါ။

ပြောလက်စနဲ့မို့လို့ပါ။ Account password တွေကို လွယ်လွယ်ကူကူမပေးသင့်ပါဘူး။ Username = admin , password = admin ဆိုတာမျိုးကတော့ ပါသွားရင်နည်းတောင် နည်းသေးတယ်ပြောရမှာပါပဲ။

ဆယ်မိနစ်မကြာတယ့် implementation ပါ။ ဒါပေမယ့် security အရတော့ အများကြီးကို ကွာသွားပါတယ်။ SSH brute force ကိုလည်း အတိုင်းအတာ တစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း သိပ်မပျင်းတာ ကောင်းပါတယ် :D

Divinity

Monday, July 30, 2012

Command တွေကို Bash History ကဖျောက်ရအောင်




Bash မှာ ရှေ့ကရိုက်သွားတဲ့ history ကိုသိမ်းထားပါတယ်။ ပြန်ကြည့်ချင်ရင် 'history' ဆိုတဲ့ command နဲ့ ပြန်ခေါ်ကြည့်လို့ရပါတယ်။ System administrator တွေ ၊ system engineer တွေ တစ်ခုခုမေ့သွားရင် ပြန်ကြည့်ဖို့လည်း လွယ်သလို၊ Team လိုက်ဆိုရင် သူများဘာလုပ်ထားလည်းပြန်ကြည့်လို့ ရတယ်။

တစ်ခါတစ်လေ ကိုယ်ရိုက်ထားတဲ့ command ကို သူများကိုမကြည့်စေချင်ဘူး။ 'root' ပေးမသုံးတဲ့ locked down system မှာဆိုရင် ကိုယ့် bash history နဲ့ကိုယ်ရှိပေမဲ့ 'root' ကို share ပြီးသုံးကြရင် bash history ကတစ်ခုထဲ။ကိုယ်ဘာလုပ်သွားလည်း နောက်လူက history မှာပြန်ကြည့်လို့ရတယ် ။ တစ်ခါတစ်လေ ကိုယ် troubleshoot လုပ်ထားပုံကို နောက်လူကို မသိစေချင်ရင် ဘယ်လိုလုပ်မလည်း ? ( Team တွေ Department တွေ ကွဲတဲ့ Company တွေမှာ အချင်းချင်းပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ဟိုဘက် Team ကကောင်တွေ စသုံးမကျဘူးလို့ ပြောဖို့ စောင့်နေကြတော့ ကိုယ့်အလှည့်ကျရင်လည်း ကိုယ့် knowledge ကို တခြား team ကိုမပေးချင်တာတွေ ရှိတတ်ပါတယ်။)

တစ်ခါတစ်လေကြ audit ပေါ့။ Server မှာ ပြသနာ တစ်ခုခုဖြစ်သွားရင် ၊ ဘယ်သူ့ကြောင့်လည်း ပြန်ရှာတယ်။ ကိုယ်ကအမှားလုပ်လိုက်မိလို့ ပြန် fix လုပ်ပြီး ဖုံးထားချင်ရင်တောင် bash history ကလိမ်ဖို့ ခက်တယ်။bash_history file ကို edit လုပ်ရင်လည်း file integrity ပျက်တယ်။ နောက်ပြီး edit လုပ်ထားမှန်းက ဖျောက်ဖို့မလွယ် ။

ကဲ ကိုယ်ရိုက်ထားတဲ့ command တွေ ဘယ်လို ဖျောက်ထားမလည်း ?

'history' command ရဲ့ output ကိုတစ်ချက်ကြည့်ရအောင် ။

  994  exit
  995  cd /etc
  996  ls
  997  ls
  998  vi rc.local
  999  ps -ef|more
 1000  exit

ဒီမှာ ဘယ်ဘက်က နံပါတ်တွေကို offset လို့ခေါ်ပါတယ်။ ညာဘက်ခြမ်းကတော့ command ပေါ့။ Offset number ကိုသိရင် အဲ offset number ကို bash history ကနေဖျက်ဖို့ command ရှိပါတယ်။

'history' command မှာ '-d' ဆိုတဲ့ option ရှိပါတယ် ။ ကိုယ်ဖျက်ချင်တဲ့ command ကို history ကဖျက်လို့ရပါတယ်။ တစ်ခုပဲ ပြသနာက ။ 'history -d xx' ဆိုတဲ့ ဖျက်လိုက်တယ်ဆိုတဲ့ line ကြီးကတော့  history ထဲဝင်သွားတယ်။ ဥပမာ offset number 998 ( vi rc.local) ဆိုတာကို history ကဖျက်ချင်တယ်ဆိုရင် ' history -d 998' လို့ ဖျက်ရပါတယ် ။ ဒါပေမဲ့ နောက်တစ်ခါ history ပြန်ကြည့်ရင် ဒီလိုကြီး  ပေါ်လိမ့်မယ်။

  994  exit
  995  cd /etc
  996  ls
  997  ls
  998 ps -ef|more
  999  exit
 1000  history -d 998

အဲတော့မှ ဘာဖျက်ထားတာလည်းဆိုပြီး ရှုပ်ကုန်မှာ။ နည်းနည်း ပိုကောင်းတဲ့ နည်းလမ်းတွေရှိပါတယ် ။

Bash မှာ Shell Variable တစ်ခုရှိပါတယ်။ HISTCMD လို့ခေါ်တဲ့ Variable ပါ။ 'echo $HISTCMD' လို့ရိုက်ကြည့်ရင် နံပါတ်တစ်ခုကိုပေးပါလိမ့်မယ်။ အဲဒါက နောက် command အတွက် offset ပါ။ ခုနက 1000 အထိရောက်ပြီးတဲ့ အချိန်မှာ  'echo $HISTCMD' လို့ရိုက်ကြည့်ရင် 1002 ဆိုတဲ့ output ကိုပေးပါလိမ့်မယ်။ ဘာလို့လည်းဆို 1000 က 'history -d 998' ဆိုတဲ့ command ဖြစ်ပြီး echo $HISTCMD က 1001 ပါ။ အဲတော့ output က နောက် command အတွက် ရမယ့် offset 1002 လို့ရတာပါ။ ဒီ Variable ကိုသုံးပြီး bash history ကိုလိမ်လို့ရပါတယ်။

$HISTCMD က နောက်လာမဲ့ command ရဲ့ offset ကိုပေးတယ်လို့ ခုနကပြောထားတယ်နော်။ $HISTCMD-1 ဆိုရင် လက်ရှိ command ရဲ့ offset ပေါ့။ 'history -d (($HISTCMD-1)) ဆိုရင် ဒီ command ကို bash history ကနေ ပြန်ပြန်ဖျက်နေတာနဲ့ အတူတူပဲ။

နောက်တစ်ခု သိရမှာက Bash ရဲ့ operator တွေပါ ။ Bash ရဲ့ '&&' ဆိုတဲ့ operator က 'AND' ကို ကိုယ်စားပြုပါတယ်။ Command နှစ်ခုကို တစ်ခုပြီး တစ်ခု ဆက်လုပ်သွားဖို့ သုံးပါတယ်။ Package compilation အတွက် 'make && make install' ဆိုတာမျိုးရိုက်ပြီး ထမင်းသွားစာတာမျိုးပေါ့။ ပထမ command က completed successful ဖြစ်ရင် ဒုတိရ command ကို ဆက်အလုပ်လုပ်ပါတယ်။ Error ဖြစ်သွားရင်တော့ ရပ်သွားတယ်။ Command နှစ်ခုဖြစ်ပေမဲ့ Bash History မှာတော့ offset တစ်ခုနဲ့ entry တစ်ခုပဲ ဝင်ပါတယ်။

1003  ls -l && history

ကဲ ဒီလောက်ဆို မှန်းမိလောက်ပါပြီ ။ ရိုက်ချင်တဲ့ command ကိုရိုက် ၊ ပြီးရင်နောက်က && ခံပြီး 'history -d (($HISTCMD-1))' ထဲ့ရိုက်ရင် ကိုယ်ရိုက်သမျှ bash history ထဲ မရောက်တော့ဘူး။ ဒါမျိုးပေါ့ ..

# rm -rf /etc && history -d (($HISTCMD-1))

ဒါဆို /etc ကို ဖျက်လိုက်တဲ့ command က history ထဲမရောက်တော့ဘူး။ 'history -d' ကို အရှေ့မှာထားထား အနောက်မှာထားထား တူတူပါပဲ။ တစ်ခါတစ်လေ နောက်က ထဲ့ရိုက်ဖို့မေ့သွားရင်လို့ bash history ထဲရောက်သွားရင်တော့  ဒီလို ကွန့်လိုက်ပေါ့။ ဒါဆို နောက်ဆုံး history နှစ်ခု ဖျက်သွားလိမ့်မယ်။ ရှေ့က မေ့သွားတဲ့ command ရော ၊ ဒီဖျက်တဲ့ဟာကိုရော။

# history -d $((HISTCMD-2)) && history -d $((HISTCMD-1))

Catch တစ်ခုတော့ ရှိပါတယ်။ ဒါက Bash Variable ပါ ။ ဒါတောင် Bash version အဟောင်းတွေမှာ ဒီ Variable မရှိပါဘူး။ ksh တို့ဘာတို့မှာလည်း မရှိဘူး ထင်တယ်။  HISTCMD မရှိရင် နည်းနည်း လေး အလုပ်ပိုပါတယ်။

TMP=$(history | tail -1 | awk '{print $1}') && history -d $TMP

ဒါလည်း ရှေ့ကထားထား နောက်ကထားထား ရပါတယ် ။

ရိုက်ရတာ ရှုပ်ရင် ကိုယ့် bashrc ထဲမှာ ကိုယ့်ဟာကို alias ပေးထားလိုက်ပေါ့ ။ ဒါပေမယ့် trace မကျန်အောင်ဖျက်ပါတယ်ဆို bashrc မှာ trace ကြီးကျန်နေမှာတော့ မမိုက်ပါဘူး ၊ ဒါပေမဲ့ ကျနော်လို lazy တွေကတော့ ဝင်ဝင်ချင်း alias လေးပေး ၊ ပြီး session close မလုပ်ခင်မှာ bashrc ကနေ ပြန်ဖျက်ပြီး အပေါ်မှာပေးထားတဲ့အတိုင်း နောက်ဆုံး command နှစ်ခုဖျက်ခဲ့လိုက်တယ်။

တစ်ခုတော့ Caution ပေးပါတယ်။ တစ်ချို့ environment မှာ VPN နဲ့မှ servers တွေကို ဝင်လို့ရပြီး VPN မှာ keystroke log လုပ်ထားတတ်ပါတယ်။ ဒါဆိုရင်တော့ ဟဲဟဲ ။
ကဲ ကိုယ့် trace ကိုယ် ဖျောက်နိုင်ပါစေ ။ ကျနော် သိတဲ့ ၊ သုံးတဲ့ technique တစ်ခုကို share တာပါ ။ ကျနော်မသိတဲ့ catch ရှိကောင်းရှိနိုင်ပါတယ် ။

Divinity

Tuesday, April 3, 2012

လာပြန်ပြီ Spam တွေ


# mailq |  grep marketing@blahblah\.com | cut -d ' ' -f1 | tr -d '*!' | postsuper -d -

မနေ့က ထမင်းစားနေတုန်း ၊ Mail server ကြီးက respond နှေးလို့တဲ့ ။ ဒါကပုံမှန်လိုဖြစ်နေလို့ ကျနော်လည်း သိပ်တောင် ဂရုမစိုက်မိဘူး။ Mail Server က dedicated လည်းမဟုတ် ။ ဒီ Server ပေါ်မှာ Website 200 ကျော် ၊ Database 100 ကျော် ၊ DNS server အပါအဝင် တခြား service တွေကရှိသေးတယ်။ Mail Server က Postfix သုံးပြီး Domain 200 ကျော်အတွက် Mailbox 3000 လောက်ရှိတယ်။ Server က အဟောင်း၊ ရှေ့မှာ IPS လောက်မဟုတ်ရင်တောင် spam filter ကောင်းကောင်းခံဖို့ ပြောတာ သုံးနှစ်လောက်ရှိပြီ ။ ဒီတိုင်းပဲ ။ Website တွေ ဘာဖြစ်ဖြစ်က ကျနော်တို့ ဂရုမစိုက်လို့ရပေမယ့် spam ဝင်လို့ Server MTA နဲ့ Spamd က လေးလာရင် ၊ mail delivery နှေးလာရင် ကျနော်တို့ ဖုန်းတွေ အဆက်မပြတ်မြည်ပါပြီ ။ Server ကလည်း သိပ်ကောင်းလှတာမဟုတ်တော့ Mail Queue ထဲမှာ သုံးထောင်လောက်ရှိရင် စလေးလာလေ့ရှိပါတယ်။ ငါးထောင်လောက်ဆို ဘေးချင်းကပ်ပို့ရင်တောင် ဆယ်မိနစ်လောက်နေမှရောက်တယ်။ Server ပေါ်မှာက Opensource Spam filter တစ်မျိုးပဲရှိတာမို့ သိပ် handle မလုပ်နိုင်ပါဘူး။ သူကလည်း 60% efficiency လောက်ပဲရှိတယ်ထင်တယ်။ ဘယ်တော့မှ Spam ကိုနိုင်တယ်လို့မရှိဘူး။ ဒါမျိုးက ဖြစ်နေကြမို့လို့  မနေ့က ဖုန်းတွေလာတော့ အေးဆေးပဲ ။ ထမင်းစားနေလို့ ပြီးရင် ကြည့်လိုက်မယ်လို့ ပြောလိုက်တယ် ။

ရုံးပြန်ရောက်တော့လည်း ကျနော်က အလုပ်ထွက်တော့မယ့်လူမို့လို့ တော်ရုံ ကျနော် ဝင်မပါပါဘူး။ ကျနော်နေရာရဲ့ replacement အစ်ကိုကြီးကလည်း ဒီနေ့ off ပါတယ်။ အငယ်တစ်ယောက်ပဲရှိတယ်။ ဒါပေမဲ့ သူက ကျနော်စီက ဒီ hosting service တွေကို handover လုပ်ယူထားရတဲ့ သူ ၊ နောက်ပြီး သူက Redhat certified System Administrator ။ အဟဲ ။ သူ မသိရင်တောင် သူကသင်ရင် သိပ်မကြိုက်ဖူး။ သူ့ကိုပဲ Mail Service မှာ spam ဝင်တယ်ထင်တယ် ကြည့်လိုက်အုန်းလို့ပြောလိုက်မိတယ်။ Spam ဝင်ရင် mailq မှာ deferred တွေ ဘယ်လို ဖျက်ဆိုတာလောက်တော့ သူ့ကို ပြထားဖူးတယ်။ သူကလည်း CD drive ထဲသာ DVD ထဲ့ပြီး ဒီ server က boot မတက်ဘူးပြောရင်ပြောတာ၊ ဒါမျိုးခိုင်းရင် သူသိတယ် ဆိုတာကြီးပဲ။ လူရှေ့မှာ သိပ်သင်လို့ မရဘူး။ သူက ကျနော့ထက် အသက်ရော လုပ်သက်ရောကြီးပါတယ်။ ဘာတွေလုပ်နေခဲ့လည်းတော့ သိပ်မသေချာဘူး။

သုံးနာရီလောက် အထိ mail send / receive နှေးနေသေးတာ ကျနော်သိပါတယ်။ ရောက်လား မရောက်လားသာ မသိတာ ။ ဒါပေမဲ့ accountability အတွက် production server တွေကို ကျနော် login မဝင်တော့ပါဘူး။ ဒါကျနော့ နောက်ဆုံး အပတ်လေ။ သူလည်း ကြိုးစားပန်းစားလုပ်နေတော့ အဆင်ပြေလား သွားမေးလိုက်သေးတယ်။ နောက်တော့ GM က ဖုန်းဆက်တယ်။ ကြည့်လိုက်ပါတဲ့ ၊ ငါ့ဖုန်း ကြာရင် explode ဖြစ်တော့မယ်တဲ့။ Reseller တွေကလည်း တဂွမ်ဂွမ်ဆက်နေပြီ ။ ဖြစ်နေတာ သုံးနာရီလောက် ရှိသွားပြီကိုး။

Login ဝင်ပြီး အရင်ဆုံး Mail Queue ကိုကြည့်မိတယ် ။ လွယ်လွယ်ကူကူ

# mailq | tail

လို့ ကြည့်တော့ တော်တော်နဲ့ return မလာဘူး ။ တော်တော်များနေလို့ဖြစ်မယ် လို့စဉ်းစားပြီး mailq ပဲရိုက်ကြည့်လိုက်တယ် ။ အဲမှာ စတွေ့တာပဲ ။ ပုံမှန် လေးငါးထောင်လောက်ဆိုရင် mailq က ဆယ်စက္ကန့်လောက်အတွင်းမှာတင် ဆုံးပါတယ်။ ပေါ်လာတာကလည်း မြန်လို့ လိုက်ဖတ်ဖို့ မမှီပါဘူး။ ဒီတစ်ခေါက်တော့ တစ်မျက်နှာချင်း ဖြေးဖြေးချင်းပေါ်နေတယ်။ တော်တော်ကြာတဲ့အထိလည်း မပြီးတော့ escape လိုက်တယ် ။ top နဲ့ကြည့်တော့ load က postfix-queue process က အမြဲတန်း CPU usage 40% လောက် တက်နေတယ်။ ဒီလောက်နဲ့တော့ mailq က အဲလောက် နှေးမနေသင့်ဘူးပေါ့။ အခုက mailq ထဲ mail ဘယ်လောက်ရှိနေမှန်းကို မသိရသေးဘူး။ 

ခုနက mailq ကြည့်တုန်းက marketing@blahblah.com ဆိုတဲ့ mail တွေ အများကြီးတွေ့လိုက်တယ် ။ မြင်လိုက်သမျှအားလုံးနီးပါး သူ့ mail တွေကြီးပဲ။  အဲဒီ client ကိုလည်း ကျနော်သိပါတယ်။ တွေ့ကရာ click ပြီး မကြာမကြာ virus ဝင်လေ့ရှိသလို password ကိုလည်း password တို့ 123456 တို့ သိပ်ပေးလွန်းလို့ မကြာမကြာ ပြသနာ တက်လေ့ရှိတယ်။ သူတို့ mail address တစ်ခု ပြသနာဖြစ်ပြန်တာလား၊ သူတို့ပဲ mail advertisement ကို စွတ်လုပ်နေသလားမသိဘူး။ Maillog မှာ သွားရှာကြည့်တော့ ဒီ mail address marketing@blahblah.com ဆိုပြီး IP အစုံကနေ authenticate လုပ်ထားတာတွေ့လိုက်တယ်။ သွားပြီဆိုတာ သေချာပါတယ်။ သူတို့ကို ဖုန်းဆက်အကြောင်းကြားပေးဖို့ တစ်ယောက်ကိုပြောလိုက်တယ်။

ဘယ်သူ့မျက်နှာမှမကြည့်ပဲ ၊ ဖျက်စရာရှိတာ ဖျက် တဲ့နေရာမှာ ကျနော် ထိပ်ဆုံးကပါမယ်ထင်တယ်။ ဘာမှလည်း ကြည့်လို့မရတော့ အရင်ဆုံး postfix service ကို ခဏပိတ်လိုက်တယ်။ Lag နေတာလည်း တော်တော်ကြာပြီမို့ တစ်မိနစ်လောက် downtime က ပြောပလောက်အောင်မရှိဘူးလို့ ယူဆလိုက်တယ်။ Service ပုံမှန် ပြန်ဖြစ်ဖို့ ခဏတော့ အနစ်နာခံရမှာပဲ။
# service postfix stop

အဲဒီ mail address ကနေ mail ပို့တာကို temporary barred လိုက်ပါတယ် ။ ဘယ်လိုလုပ်လည်းဆိုရင်တော့ Postfix မှာ smtpd_recipient_restrictions နဲ့  smtpd_sender_restrictions ဆိုတာရှိပါတယ်။ အဲမှာ ဘယ် mail address ကနေလာတဲ့ mail ၊ သို့မဟုတ် ဘယ် mail address ကို ပို့မယ့် mail ကို drop ပေးပါလို့ configure လို့ရပါတယ်။ အဲမှာ marketing@blahblah.com ကို smtpd_sender_restrictions မှာ ထဲ့လိုက်ပါတယ်။ နောက်တော့ အရင် postfix service ကိုပြန်စလိုက်တယ်။
# service postfix start

နောက်ပြီး mailq ထဲမှာ marketing@blahblah.com က mail ဘယ်လောက်ရှိသလည်းလို့ သိချင်လို့ ဒီ command လေး run ကြည့်တယ်။
# mailq |  grep marketing@blahblah\.com | wc -l

ဒါပေမဲ့ ခုနက ဒီအတိုင်း mailq ရိုက်တာတောင် result ကမဆုံးတာ ၊ ဒီလိုလည်း တော်တော်နဲ့ result မရပါဘူး။ အဲဒီမှာပဲ client ကအကြောင်းပြန်တယ်။ သူတို့ ဒီနေ့ အဲ marketing email ကနေ ဘာမှမပို့ပါဘူးတဲ့။ Password က password လို့ပေးထားကြောင်း အကြောင်းပြန်တယ်။ ဒါဆို mail queue ထဲကဟာတွေက ကျနော်တို့ဖျက်ပြစ်လိုက်လို့ရတာ သေချာပါပြီ။ အမှန်က မသေချာလည်း ကျနော်ဖျက်ဖို့ပါပဲ။ သူတို့ဟာတွေဆိုလည်း နောက်မှ ပြန်ပို့ပါလို့ ပြောပြီး ဖျက်မှာပါပဲ။

ကဲ ဘယ်လိုဖျက်မလည်း ? Mail ID တွေကလည်းမသိ၊ mailq ကလည်း ကြည့်မရတော့ ဘယ်လောက်ရှိမှန်းလည်းမသိ ၊ queue တစ်ခုလုံး flush ပြစ်လိုက်ရင်လည်း ပေါက်ဆိန်နဲ့ ပေါက်သလိုဖြစ်တော့မယ် ။ Script လေးတစ်ကြောင်း ရေးလိုက်လို့ရရင် ကောင်းမယ် ။ ပထမဆုံး mailq ရဲ့ output ကို ကြည့်ရအောင်။

0BEA87C8029*     111654    Tue Apr  3 10:56:46     marketing@blahblah.com

Database စကားနဲ့ ပြောရင် primary key က ရှေ့ဆုံးကကောင် Mail ID / Queue ID ။ ဒါက Queue ထဲရှိသမျှ mail တိုင်းမှာ unique ဖြစ်တယ်။ SQL မှာ select .. where .. ဆိုပြီး ရေးရသလိုပါပဲ ။ marketing@blahblah.com က mail တွေကိုစစ်ထုတ်ပြီး delete လိုက်ရင် ရမယ်။ Mail ကို Queue ထဲက delete လုပ်တာက postsupre -d ။ ဒါပေမယ့် ID သေချာ ပေးမှဖြစ်မှာ ။ ကဲ ဆက်ရေးကြည့်မယ်။

ခုနက result တွေထဲက marketing@blahblah.com ဆိုတဲ့ address ပါတဲ့ result တွေကိုပဲ ယူမယ် ။

# mailq |  grep marketing@blahblah\.com

ခုနက result မှာ ကျနော်တို့လိုတာ ရှေ့ဆုံးက ID ၊ နောက်က time stamp တွေဘာတွေ မလိုချင်ဘူး filter လုပ်ဖို့လိုပြီ ။

# mailq |  grep marketing@blahblah\.com | cut -d ' ' -f1

အဲမှာလည်း ID မှာ * တွေ ပါတယ်။ Queue ထဲမှာ Active ဖြစ်နေတယ်လို့ ပြတာပါ။ အဲ asterisk ကိုလည်း ဖျက်မှ ၊ မဟုတ်ရင် postsuper က အလုပ်လုပ်နိုင်မှာမဟုတ်ဖူး ။

# mailq |  grep marketing@blahblah\.com | cut -d ' ' -f1 | tr -d '*!'

ဒီလောက်ဆို ကျနော်လိုချင်တဲ့ marketing@blahblah.com ကလာတဲ့ mail တွေရဲ့ ID တစ်လုံးထဲ ရပြီ ။ အဲဒါကို postsuper ကို pass ပေးလိုက်ပြီး ဖျက်လိုက်ရင် ရပါပြီ ။

# mailq |  grep marketing@blahblah\.com | cut -d ' ' -f1 | tr -d '*!' | postsuper -d -

58964 messages deleted တဲ့ ။ ပလုတ်တုတ် ။ ဒီ mail address ကနေဝင်လာတဲ့ mail ၊ Queue ထဲမှာတင် ခြောက်သောင်းလောက်ရှိတယ်။ အဲကလာတာ မဟုတ်တဲ့ mail ၊ Queue ထဲမှာ နှစ်ထောင်ကျော် ကျန်ပါတယ်။ Spam တွေရှုပ်နေတာနဲ့ deliver မလုပ်နိုင်သေးတဲ့ mail တွေပေါ့။

အဲနောက်မှာတော့ mail server က ပုံမှန် ပြန်ဖြစ်သွားပါတယ်။ marketing@blahblah.com က mail တွေ အဝင်ကတော့ရှိဆဲ။ ဒါပေမဲ့ deliver attempt မလုပ်တော့ပဲ တန်း drop တော့ load သက်သာတာပေါ့။ ဒါပေမဲ့ traffic နဲ့ socket ကတော့ စားဆဲမို့လို့ နောက်တော့ သူတို့ marketing email ကို temporary deactivate လိုက်ပါတယ် ။ အဲတော့မှ Queue ထဲက ကောင်တွေ ကောင်းကောင်းမွန်မွန် ထွက်တော့တယ်။


တစ်ကြောင်း bash script လေးပါပဲ ။ ဒါပေမဲ့ ပြသနာ တော်တော် ပြေလည်သွားတယ် ။ ညနေ ခြောက်နာရီအထိ အားလုံး အဆင်ပြေနေတာနဲ့ စီးတီးဟောကို ထမင်းစားဖို့ သွားလိုက်နိုင်တယ် ။ တော်ပါသေးရဲ့ ။ တော်ကြာ ထွက်ခါနီးမှ ထွက်ခတ်ခတ်ပြီး မိုးချုပ်အောင် နေနေရအုန်းမယ်။

Divinity

Friday, March 30, 2012

Linux commands (2)

အသုံးတည့်တဲ့ Linux command လေးတွေ ၊ bash shell မှာ သုံးလို့ရတဲ့ ပုံစံလေးတွေ ဟိုးအရင်ကရေးဖူးပါတယ် ။

Linux commands (1)

အခုကျနော်တို့ နေ့စဉ် အသုံးများတဲ့ command လေးတွေကို ကြည့်ရအောင်။

top
 top command က Linux မှာတော့ Task Manager ပါပဲ။ လက်ရှိ run နေတဲ့ process တွေရဲ့ PID တွေ CPU usage ၊ Memory usage တွေပြပါတယ် ။ Process တစ်ခုခုက CPU usage အရမ်းများနေသလား ၊ လိုအပ်တာထက်ပြီပြီး memory usage တက်နေလား top ကနေကြည့်လေ့ရှိပါတယ်။

ဒါ Linux Administrator တွေ အလုပ်လုပ်ချင်ယောင်ဆောင်တဲ့ command ပါ။ ဘာအလုပ်မှ မရှိရင် terminal လေးတစ်ခုဖွင့် top လေး run ထားပြီး အလုပ်လုပ်နေသလိုလို အယောင်ဆောင်နေလို့ရတယ်။ Process တွေက တက်လာလိုက် ပျောက်သွားလိုက်နေ ၊ terminal ပေါ်မှာ ရှုပ်နေတော့ မသိတဲ့လူကြည့်ရင် အလုပ်တွေ လုပ်နေတယ်ထင်မှာပဲ။

kill / killall
Process တစ်ခုခု hang နေရင်ပဲဖြစ်ဖြစ် ၊ မလိုအပ်တဲ့ process မို့လို့ end လုပ်ချင်ရင်ပဲဖြစ်ဖြစ် linux မှာတော့ kill တယ်လို့ သုံးပါတယ်။ kill နဲ့ killall ဘာကွာလည်းဆို ယေဘူရပြောရရင်တော့ kill က PID နဲ့ kill ရပြီးတော့ killall ကတော့ process name နဲ့ သုံးပါတယ်။ killall မှာ interactive mode တို့ ၊ specific user's process ပဲ kill တာတို့လုပ်လို့ရပါတယ် ။

man
Nix user တွေ Admin တွေ ဘယ်လိုမှ ကင်းရှင်းအောင်နေလို့မရတဲ့ command ပါပဲ။ Command တစ်ခုခုရဲ့ sub command တွေ parameter တွေ syntax တွေမေ့နေရင် man နဲ့ ပြန်ကြည့်ရတာပဲ။ Manual ဆိုတဲ့ စကားလုံးကို အတိုခေါ်တာပါ။ Man page လို့ခေါ်တဲ့ command manual ကို ပြန်ဖော်ပြပါတယ်။

ls
နေ့တိုင်း သုံးကြတဲ့ command တစ်ခုပါ။ DOS ရဲ့ dir command ရဲ့ Linux version ပေါ့။ List ဆိုတဲ့ စကားလုံးကို အတိုယူထားတာပါ။ ls ပဲရိုက်ရင် file / folder list ပဲပြပါတယ်။ ls -l ဆိုရင်တော့ file size တွေ ၊ time stamp တွေနဲ့ပြပါတယ်။ File size ကို MB တွေ GB တွေနဲ့ ပြစေချင်ရင် ls -lh လို့ ရိုက်ရပါတယ်။

pwd
လက်ရှိ ကိုယ်ဘယ် path အောက်မှာ ရောက်နေလည်း ပြန်ပြန်ကြည့်တဲ့ command ပါ။ Print Working Directory ဆိုတာကို အတိုခေါ်တာပါ။ တစ်ခါတစ်လေ ကိုယ့် home directory ထဲက backup file ကို ပြင်နေမိတာလား ၊ /etc/ အောက်က တကယ့် config file ကို ပြင်နေမိတာလားမသေချာရင် ကိုယ်ဘယ်ရောက်နေလည်း ပြန်ကြည့်ရတာပေါ့ ။

Linux command တွေက ပြောရရင် အများကြီးပါ ။ နေ့တိုင်း သုံးဖြစ်တာလေးတွေလောက်ပဲ အခု ရေးထားတာပါ ။ နေ့တိုင်းမဟုတ်ပေမဲ့ မကြာမကြာ သုံးတဲ့ less / more တို့ tar တို့ tail / head တို့ နောက်မှ ရေးတော့မယ် ။ Linux command list ကို ဒီအောက်က link မှာ ကြည့်နိုင်ပါတယ် ။
http://www.oreillynet.com/linux/cmd/

Thursday, March 29, 2012

chkconfig script သို့မဟုတ် init script

ဟိုနေ့က client တစ်ခုက အင်ဂျင်နီယာက သူဟာဟာသူရေးထားတဲ့ script တစ်ခုကို server boot time မှာ run ချင်လို့တဲ့ လှမ်းမေးတယ် ။ သူတို့ က RHEL 6 သုံးနေတာပါ ။ အဲဒါနဲ့ init script လေးရေးပြီး init.d ထဲထဲ့ထားလိုက်လို့ ပြန်ပြောလိုက်တယ်။ နောက်နေ့ကျ ရေးပေးပါတဲ့။ သူက ဘာ script run ချင်မှန်းမသိတာနဲ့ template ပုံစံလေးရေးပေးလိုက်တယ်။

( Note: blogspot မှာ script ရေးပြရတာ တော်တော် စိတ်ညစ်စရာ ကောင်းတာပဲ syntax အကုန်ပျောက်ပြီး left align တွေဖြစ်ကုန်တယ် )


#! /bin/bash
# (script) init script
###
# chkconfig: 235 35 55
# description: Starting ( your script ) at boot up

case "$1" in
start)
/path/to/your/script &
echo "(script) is starting"
;;
stop)
kill -9 `ps -ef | grep (script) | grep -v grep| cut -d" " -f6`
echo "(script) is stopping"
;;
*)
exit 1
echo "Usage : /sbin/service (script) {start|stop}"
esac

exit 0


(script) ဆိုတဲ့ နေရာလေးတွေ မှာ ကိုယ့် script နဲ့ အစားထိုးပါလို့ဆိုပြီး ပေးလိုက်တယ် ။ အဆင်ပြေသွားတယ်တဲ့ ။ Init script က ဒီ syntax နဲ့ပဲ အလုပ်လုပ်ပါတယ် ။ ကိုယ့်ဟာကိုယ် တခြား script တစ်ခုခုကို စချင်လည်း ဒီ template ကိုသုံးလို့ရပါတယ် ။ အရေးကြီးတာ No.4 လိုင်းပါ ။ အဲမှာ chkconfig 235 35 55 လို့ပေးထားပါတယ် ။

အရှေ့ဆုံးက 235 ဆိုတာက ဒီ script ကို run မဲ့ runlevel တွေပါ ။ Runlevel ဆိုတာ ဘာလည်းမသေချာရင် ရှာဖတ်ကြည့်စေချင်ပါတယ်။ ပုံမှန်အားဖြင့် 0 to 6 ရှိပါတယ် ။
0 = shutdown ၊
6 = reboot ၊
1 = single user mode
2 = multi-user mode without networking
3 = multi-user mode with networking
4 = User-definable
5 = multi-user mode with networking + GUI


ဒီ init script မှာဆို လိုချင်တဲ့ service / script ကို runlevel 2 , 3 နဲ့ 5 မှာပဲ စမယ်လို့ ပြောထားပါတယ် ။

အနောက်က 35 နဲ့ 55 က script ကို boot up time မှာစမဲ့ priority နဲ့ shutdown time မှာ kill မဲ့ priority ပါ။ /etc/rcx.d/ ထဲမှာ script တွေကို S55httpd ၊ K55httpd ဆိုပြီး အရှေ့မှာ Sxx ၊ Kxx တွေနဲ့ ရှိလေ့ရှိပါတယ်။ ဒါကဘာကို ဖော်ပြတာလည်းဆိုရင် ၊ ဆိုကြပါစို့ rc3.d ထဲမှာ S10sshd နဲ့ S55httpd ဆိုပြီးရှိတယ် ။ ဒါဆို တကယ်လို့ server က runlevel 3 ကို run တယ်ဆိုရင် Inittab က rc3.d ထဲက start script တွေကို အစီအစဉ်အလိုက် စပါတယ် ။ ဒီမှာဆို S10 ဖြစ်တဲ့ sshd က အရင်စပါလိမ့်မယ် ၊ နောက်မှ S55 ဖြစ်တဲ့ httpd က စပါလိမ့်မယ်။ အဲတော့ ကိုယ့် script ကို စောစောစီးစီး စစေချင်ရင် အဲမှာ 35 နေရာမှာ နံပါတ်သေးသေး ပေးရပါလိမ့်မယ် ။ rcx.d ကို ဖွင့်ကြည့်ရင် ကိုယ့် script က ဘယ်အချိန်လောက်မှာ စရင် အဆင်ပြေမလည်း စဉ်းစားလို့ရမှာပါ။ အနောက်က 55 က လည်း ထိုနည်းတူပါပဲ ။ Shutdown လုပ်တဲ့အချိန်မှာ စောစော kill စေချင်ရင် နံပါတ်သေးသေးပေးပါ။ နောက်ဆုံးမှ kill စေချင်ရင် 99 လို့ပေးလိုက်ပါ။

ဒီ init script က သူ run ချင်တာကို root အနေနဲ့ run ဖို့ ရေးထားတာပါ ။ တကယ်လို့ တခြား user အနေနဲ့ run ချင်ရင် လိုင်းနံပါတ် 9 မှာ su ကိုသုံးရပါမယ် ။ ဒါဆို ဒီလိုဖြစ်သွားမယ်

su username -c /path/to/your/script &


Stop လုပ်တဲ့ အပိုင်းကတော့ လွယ်လွယ်ကူကူ PID ကိုရှာပြီး kill လိုက်တာပဲ ရေးထားပါတယ် ။

ပြီးရင်တော့ ဒီ init script လေးကို /etc/init.d/ အောက်ထဲမှာ သွားထားရပါမယ်။ testscript လို့ filename ကိုပေးလိုက်တယ် ဆိုပါတော့။ ပြီးရင် ဒါကို executable ဖြစ်အောင် ပေးရပါတယ်။ ဒီ command ကိုရိုက်ပါ ။
# chmod +x /etc/init.d/testscript


ပြီးရင် chkconfig မှာ register လုပ်ရပါတယ် ။ /etc/init.d အောက်ထဲမှာရှိတိုင်း rcx.d မှာမရှိပါဘူး ။ အဲထဲကို သက်ဆိုင်ရာ S နံပါတ် K နံပါတ်နဲ့ ရောက်အောင်က register ရပါတယ် ။
# chkconfig --add testscript


အဲဒါပြီးရင် ကိုယ့်ရဲ့ script က server bootup တိုင်းမှာ သူ့ဘာသာသူ start နေပါလိမ့်မယ်

( Note : rcx.d ဆိုတာ nix နဲ့ နဲနဲ ရင်းနှီးရင် သိပါတယ်။ /etc အောက်မှာ rc1.d ၊ rc2.d ဆိုပြီး rc5.d အထိရှိပါတယ် ။ သက်ဆိုင်ရာ runlevel မှာ စတဲ့ service တွေရဲ့ start script ၊ stop script တွေက အဲဒီထဲမှာရှိပါတယ် ။ )

Divinity

Friday, May 6, 2011

Geez, what hardware spec i've got there ?

တစ်ခါတစ်လေ Server တွေရဲ့ Hardware spec ပြန်ကြည့်ချင်တယ်၊ Serial Number ပြန်ကြည့်ချင်တယ်၊ Server ကလည်း အနားမှာမရှိဘူး ၊ ကျနော်လို့ documentation ကောင်းရင် ဘာ server သုံးခဲ့မိမှန်းတောင် မမှတ်မိတော့ဘူးဆိုရင် command line ကနေ ကြည့်လို့ရပါတယ်။ အများဆုံးဖြစ်တတ်တာက ကျနော်တို့ဆို memory upgrade လုပ်ချင်တာ၊ memory type သိချင်ရုံနဲ့လည်း Data center အထိမသွားချင်၊ သွားဖြစ်လည်း ဒါလေးအတွက်နဲ့ BIOS ထဲဝင်မကြည့်ချင်ရင် အသုံးတဲ့ပါတယ်။

Linux မှာတော့ dmidecode command က တော်တော်အသုံးဝင်ပါတယ်။
Serial number လောက်ပြန်ကြည့်ချင်တာဆို
# dmidecode --type 1

လို့ရိုက်လိုက်ရင် Chassis က serial number ကိုပြပေးပါတယ်။ Memory slot တွေနဲ့ ပတ်သက်တယ့် information က type 16 ဖြစ်လေ့ရှိပါတယ်။ Slot အရေအတွက်နဲ့ Max capacity ပြပါလိမ့်မယ်။ အခုလက်ရှိတပ်ထားတယ့် memory ကိုကြည့်ချင်ရင်တော့ Server အဖုံးဖွင့်ကြည့်ရပါတယ်။ အခုလက်ရှိ တပ်ထားတယ့် memory ရဲ့ information လောက်ပဲကြည့်ချင်ရင်တော့ 'dmidecode --type 17' ဆိုရင်ရပါတယ်။ DDR အမျိုးအစားနဲ့ speed ကိုပြပါလိမ့်မယ်။

Type နံပါတ်မသေချာရင်လည်း dmidecode ရဲ့ output တစ်ခုလုံးကို output pipe နဲ့ more ဒါမှမဟုတ် less ဆိုပြီး ကြည့်ရင်လည်းရပါတယ်။ Output ကရှင်းပါတယ် ၊ လိုတယ့် information ကိုရှာလို့ လွယ်ပါတယ်။ ဒါဆို command က ဒါမျိုးပေါ့။
# dmidecode | less


Linux ရဲ့ dmidecode ကတော့ hardware info ကိုပဲ အဓိကပြပါတယ်။

Windows မှာဆိုရင်တော့ wmic ဆိုတယ့် command တစ်ခု ပါပါတယ်။ Windows Management Instrumentation ပေါ်မှာ အခြေခံထားတယ့် command ပါ။ wmic command output ကရှုပ်လို့ တစ်ခါမှ လိုက်မကြည့်ဖူးပါဘူး။ လိုတာပဲမှတ်ထားမိတယ်။ ဒါပေမယ့် သူကတော့ ပိုပြီး information များများ retrieve လုပ်နိုင်ပါတယ်။

Serial number ကတော့ BIOS မှာရှိပါတယ် ။
> wmic bios

ဆိုရင် မျက်စိနောက်စရာ output နဲ့ပြပါတယ်။ လိုချင်တာလေးပြန် ဖြတ်ကြည့်ရတယ်။
> wmic bios get serialnumber

ဒါမှ လိုချင်တာလေးပြတယ်။

Memory speed ကတော့ memorychip ထဲမှာပါ။
> wmic memorychip get speed

ဒါမှမဟုတ်ပဲ တခြားဘာတွေရှိသေးလည်းကြည့်ချင်ရင် နောက်က get speed ဖြုတ်ရိုက်ပေါ့။ အဲ Memory capacity ကျတော့ memphysical ထဲမှာ ။
>wmic memphysical get maxcapacity

ဆိုရင် maximum capacity ပြပြီး ၊
>wmic memphysical get memorydevices

ဆိုရင် slot ဘယ်နခုရှိလည်း ပြပါတယ်။

WMIC က hardware info retrieve လုပ်ဖို့လောက် လုပ်ထားတာမဟုတ်ပဲ current system ရဲ့ info တော်တော်များများ process info တွေ ၊ partition table တွေပါကြည့်လို့ရပါတယ်။ WMIC အကြောင်းထပ်သိချင်သေးရင် ဒီ link မှာ ရှိပါသေးတယ်။ အသေးစိတ်ကတော့ Google ကရှာပြီး Microsoft technet article သာရှာဖတ်ကြည့်ပေါ့။

http://www.robvanderwoude.com/ntadmincommands.php

အသုံးတဲ့မယ်ထင်ပါတယ်။ မတဲ့လည်း သုံးကြည့်ပေါ့ ။ :D

Divinity

Wednesday, April 27, 2011

Make your own shutdown command :D

စာရေးမယ် ပြောတုန်းကပြောပြီး ရေးဖို့ကြ ပျင်းတယ်။ Game က လည်း ဆက်ကစားရအုန်းမယ် ။ အချိန်တွေက လောက်ကို မလောက်ဖူး ။ ခေါင်းစဉ်ဖတ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မထင်ပါနဲ့ ။ Linux ပေါ်မှာ ပေါက်ကရ ပေါက်စလေးတစ်ခုလောက် လုပ်ကြည့်ရအောင်။

Bash မှာ command alias လေးတစ်ခုလောက် ရေးကြည့်ရအောင် ။ ကိုယ့်နာမည်ရိုက်လိုက်ရင် laptop က shutdown ကျသွားတာမျိုးလေးဆို မဆိုးဘူး။
$HOME ရဲ့အောက်မှာ .bash_profile သို့မဟုတ် .profile ဆိုတယ့် file ရှိပါတယ်။ Bash shell မှာ .bash_profile လို့တွေ့ရပြီး Sh မှာတော့ .profile လို့တွေ့ရပါတယ်။ ( မိုးလေဝသ ကြေညာတယ့် လေသံများပေါက်သွားလားမသိဘူး) Filename မှာ ရှေ့မှာ full stop ပါပါတယ်။ ဒါ nix မှာ တော့ hidden attribute ပါ။ ls နဲ့ကြည့်ရင် ls -a ဆိုမှ မြင်ရပါလိမ့်မယ်။ ကဲ အဲဒီ file ကို edit လုပ်ကြမယ်။ vi ပဲဖြစ်ဖြစ် vim ပဲဖြစ်ဖြစ် nano ပဲဖြစ်ဖြစ် ကြိုက်ရာနဲ့ ဖွင့်၊ edit ပြီး save လို့ရရင် ပြီးတာပဲ။ ပြီးရင် ဒီ နှစ်လိုင်းကို အောက်ဆုံးမှာ ဖြည့်လိုက်ပါ။

gant=`which shutdown`
alias divinity='$gant -h now'


Generic ဖြစ်အောင် နှစ်လိုင်းရေးလိုက်တာပါ။ Shutdown file ရှိတယ့် path ကိုတန်းပေးပြီး $gant လို့ မပေးတော့ရင်လည်း ရပါတယ်။ divinity နေရာကတော့ ကိုယ့်နာမည် ကိုပြောင်းပေါ့။ Save လုပ်ပြီးရင် စမ်းချင်ရင် logout ပြီး ပြန် login ဝင်ရပါတယ်။ Shell environment ကို edit တာမို့ ချက်ချင်း effective မဖြစ်ပဲ next login မှာမှ effective ဖြစ်ပါတယ်။ ကဲ အခုဆိုရင်တော့ ကိုယ့်နာမယ် ကိုယ်ရိုက်ပြီး shutdown ချလို့ ရပါပြီ ။ ( စားကြမယ်ဟေ့ ကောင်းကောင်း လေသံပေါက်သွားလားမသိ )


Divinity

Thursday, July 29, 2010

Linux commands (1)

Linux console ပေါ်မှာ အလုပ်လုပ်တယ့် အခါ တစ်ချို့ command တွေက သိထားရင် command line interface မှာ အတော်အသုံးဝင်ပါတယ်။ မသိလည်းရတယ် ၊ သိရင် ပိုအဆင်ပြေတယ့် command လေးတွေပေါ့။ နည်းနည်းချင်း ခေါင်းထဲပေါ်လာသလောက် ရေးသွားပါမယ်။

...........
Log file လိုဟာမျိုးကို ဖတ်တယ့်အခါမှာ tail command ကသုံးဝင်ပါတယ် ။ ဆိုကြပါတော့၊ httpd ရဲ့ access_log file ။ Apache process run နေပြီး user တွေက access လုပ်နေတိုင်း access_log ကရေးနေပါတယ်။ ဒီလို log မျိုးရဲ့ နောက်ဆုံး process တွေ log ကို လိုချင်ရင် အလွယ်တကူက `cat /var/log/httpd/access_log ဆိုပြီး cat ထုတ်လိုက်တာမျိုး ၊ tail -n50 /var/log/httpd/access_log ဆိုပြီး နောက်ဆုံး လိုင်း 50 ခေါ်ကြည့်တာတို့ လုပ်လိုက်တာများတယ်။ ဒါတွေက ဒီ command ကို ရိုက်လိုက်တယ့် အချိန်က log ထဲမှာရှိတာကိုပြတာပါ။ Real time တောက်လျှောက်လာရေးနေတာကို ဖတ်ချင်ရင်တော့
tail -f /var/log/httpd/access_log

ဆိုပြီး tail -f ကိုသုံးပါတယ်။ ဒါဆို console ထဲမှာ log file ကပွင့်လာပြီး log မှာ တစ်လိုင်းအသစ်လာရေးတိုင်း တစ်လိုင်းတက်တက်လာတယ်။ ဒါဆို debug လုပ်ဖို့ ပို အဆင်ပြေပါတယ်။

........
တစ်ခါတစ်လေ log file ( text file တစ်ခုခုပေါ့) ကို ရှင်းလိုက်ချင်တာမျိုးတွေမှာ ၊ အထဲက စာတွေ လိုက်ဖျက်ရရင်လည်း မလွယ်ဘူး။ File ကိုဖျက်ပြစ်လိုက်ပြီး ၊ process က log ပြန်လာရေးခိုင်းတာကလည်း ပြောရင် သိပ်မကောင်းဖူး။ File ကို ဖျက်ပြစ်လိုက်ရတာကိုက မကောင်းဘူး။ အထဲက content ကိုပဲ ရှင်းလိုက်ချင်ရင် ဒီလိုလေးက လွယ်တယ် ။
> /path/to/log.file

အရှေ့က '>' လေးက command ထဲမှာပါပါတယ်။ တစ်ကယ်က
echo "" > /path/to/log.file

ကိုလုပ်သွားတာပါ။ echo command နဲ့ output pipe '>' ကိုသိရင် ဒါကိုသိပါလိမ့်မယ်။ File ထဲက content ကို blank space တစ်ခုနဲ့ overwrite လုပ်လိုက်တာပါ။ အဲတော့ log file က empty log ဖြစ်သွားတာပေါ့။

..........
နောက်တစ်ခုကတော့ shell arguments တွေပါ။ အသုံးဖြစ်ဆုံးကတော့ ! နဲ့ !$ ပါ ။
! က နောက်ဆုံးသုံးခဲ့တယ့် argument ကို ကိုယ်စားပြုပါတယ်။ တကယ်လို့ အပေါ်မှာ file တစ်ခုကို vi သုံးပြီး edit ထားတယ်။ အခု တခြား directory ကိုရောက်နေပြီ ။ File path ကြီးကရှည်လို့ ပြန်မရိုက်ချင်ဖူးဆိုရင်
!vi

လို့ သုံးလို့ရပါတယ်။ Shell history ထဲက နောက်ဆုံး vi command ကိုပြန်ခေါ်ပေးပါလိမ့်မယ်။

.......
!$ ကတော့ last command ရဲ့ argument ကိုပဲယူတာပါ။
ls -l /bar/nyar/thar/da/kar/file

လို့ ရှာပြီး၊ နောက်တစ်လိုင်းမှာ အဲ file ကို vi မှာ edit ဖို့ဆိုရင် ပုံမှန်ဆို vi /bar/nyar/thar/da/kar/file ဆိုပြီး ရှည်ရှည်လျှားလျှားရိုက်နေရပါမယ်။ အဲတော့
vi !$

လို့ရိုက်လိုက်ရင် နောက်ဆုံး command ရဲ့ argument ကိုပြန်ယူပြီး vi သွားပါလိမ့်မယ် ။
( Up arrow နဲ့ last command ကိုပြန်ခေါ်၊ Home ကိုနှိပ်ပြီး ls -l ကိုဖျက် vi လို့ရိုက် ၊ ဒါလည်းရပါတယ်။ ဒါပေမယ့် ပိုမရှည်ဖူးလား။ ဒါတောင် Home တို့ End တို့ကို Shell environment ထဲမှာ set ထားမှပါ။ Unix အများစုမှာ default အားဖြင့်မပါပါဘူး။ Home နှိပ်လိုက်ရင် ^ တွေနဲ့ ပေါ်လာပါလိမ့်မယ်။ )

..........
အခုတော့ တော်လောက်ပြီ။ အခုသုံးလိုက်မိတာလေးတွေ ပြောပြတာပါ။ နောက်ကြုံရင် ကြုံတာတွေ ရေးပါအုန်းမယ် ။ တစ်ချို့ command တွေက သူ့နောက်က option တွေအရမ်း powerful ဖြစ်တာတွေရှိပါတယ်။ find တို့လို command မျိုးပေါ့။ exec လို အသုံးတယ့်တာတွေလည်း ရှိပါသေးတယ်။ နောက်များမှ ....

Divinity

Wednesday, July 21, 2010

SUID ဆိုတာ

Linux / Unix system တွေအကြောင်းလေ့လာရင် SUID / SGID ဆိုတယ့် အသုံးအနှုန်းမျိုး တွေ့ရတတ်ပါတယ် ။ SUID ဆိုတာ Set User ID ကို အတိုခေါ်တာပါ။ Executable file တွေရဲ့ permission မှာ ပေးလေ့ရှိပါတယ် ။ SUID ပေးရတယ့် ရည်ရွယ်ချက်က executable permission ရှိတယ့် ဘယ် user ကပဲ execute လုပ်လုပ် ၊ ဒီ command / file ကို file owner ရဲ့ identity နဲ့ run လိုက်ပါတယ်။ ဆိုလိုတာကတော့ root user ရဲ့ file တစ်ခုကို everyone executable ပေးထားမယ်၊ ဒါပေမဲ့ SUID set ထားရင် ဘယ် user ကပဲ run run ဒီ file က root user အနေနဲ့ run ပါမယ်။ အနီးစပ်ဆုံး လို့ ထင်တယ့် windows ဥပမာကတော့ run as administrator နဲ့ run သလိုပေါ့။ ( သိပ်တော့မတူသလိုပါပဲ။ Run as administrator ကိုသေချာမသိလို့ မပြောနိုင်ပါဘူး)

Linux / Unix မှာ file permission ကို rwx ( Read, Write, Execute) ဆိုပြီး သတ်မှတ်ပါတယ်။ SGID / SUID ပေးထားရင်တော့ s ဆိုတာလေးတွေ့ရလေ့ရှိပါတယ်။ဥပမာလေး ပြောရအောင် ။

User တိုင်းကို cd တို့ ls တို့လို command မျိုးကိုတော့ ပေးသုံးရပါတယ်။ အဲလို command တစ်ခုရဲ့ permission ကိုကြည့်ရင်
$ ls -l /bin/ls
-rwxr-xr-x 1 root root 116688 2010-04-28 23:56 /bin/ls


File ရဲ့ owner က root ဖြစ်ပြီး other users ( Everyone ပေါ့ဗျာ Windows မှာတော့) ကို Executable permission ပေးထားတာတွေ့ပါလိမ့်မယ် ။ Linux File permission ( rwx တို့ ၊ 700 တို့ 777 တို့ )အကြောင်းသိပြီးသား လို့ ယူစလို့ ဒါကိုမရှင်းတော့ပါဘူး။ ls command ကို User တိုင်းက အသုံးပြုနိုင်တယ်။ နောက်ထပ် User တိုင်း သုံး လို့ရတယ့် command လေးတစ်ခုကိုကြည့်ရအောင်။ Password change တယ့် passwd command ပါ။
ls -l /usr/bin/passwd
-rwsr-xr-x 1 root root 25836 2009-09-14 20:14 /usr/bin/passwd


သူလည်း everyone executable ပေးထားတယ် ဒါပေမယ့် တတိယအလုံးမှာ x မဟုတ်ပဲ s ဖြစ်နေတယ်။ ဒါ SUID set ထားတယ်လို့ ဖော်ပြတာပါ။ ls command တုန်းကလိုပဲ သူ့မှာလည်း နောက်ဆုံးအလုံးက 'x' ၊ ဒါဆို others မှာ executable permission ပေးထားတာပေါ့။ ကွာတာက ၊ ရှေ့မှာ 's' ဖြစ်နေတယ်။ ls command တုန်းကလိုပဲ User တိုင်းကသုံးနိုင်တယ်။ ဒါပေမဲ့ ဒီ passwd command ကို သုံးပြီး လုပ်သမျှအလုပ်တိုင်းကိုတော့ root အနေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ SUID ကို security consideration တစ်ခုအနေနဲ့ သတ်မှတ်ကြလေ့ရှိပါတယ်။ Command တိုင်း file တိုင်းကို အားတိုင်း SUID set မလုပ်ဖို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဘာလို့လည်း ?

ခုနက passwd command လေးကိုပဲ ကြည့်ရအောင်။ User တစ်ယောက်ရဲ့ password ဟာ /etc/shadow ဆိုတယ့် file ထဲမှာ hash အနေနဲ့ ရှိပါတယ်။ တကယ်လို့သာ ဒီ hash တွေကို ရရင် rainbow table တွေဘာတွေနဲ့ decipher လုပ်နိုင်ကောင်းလုပ်နိုင်ပါတယ်။ Root user ရဲ့ password လည်း hash အနေနဲ့ ရှိပါတယ်။ အဲတော့ ဒီ /etc/shadow file ထဲက data က အရမ်းအရေးကြီးတယ့် sensitive data ပါ။ ဖြစ်နိုင်ရင် ဘယ် user ကိုမှ ပေးမကြည့်သင့်ဖူးပေါ့။ ဒီ /etc/shadow file ရဲ့ owner က default အနေနဲ့ root ဖြစ်ပြီး permission က 700 ( Owner သာလျှင် rwx ရှိပြီး ကျန်တယ့်လူတွေ read တောင်လုပ်လို့မရတယ့် permission) ပေးထားလေ့ရှိပါတယ်။

အဲမှာ စတာပါပဲ ၊ User တစ်ယောက်က password change ရင် passwd command ရဲ့ process တစ်ခုအနေနဲ့ password အသစ်ကို hash ပြောင်းပြီး ဒီ /etc/shadow file ထဲမှာရှိတယ့် သူ့ရဲ့ password hash ကို ပြင်ရပါမယ်။ ဒါမှ password အသစ်ဖြစ်မှာကိုး။ ဒါပေမယ့် root user ကပဲ ဒီ file ကို edit လို့ရတယ်။ ဒါဆို password change တိုင်း root ကိုလှမ်း change ခိုင်းရမှာလား ။ ဒါဆိုလည်း မဟုတ်သေးဘူး။ ဒါတွေကြောင့် password change ရာမှာသုံးတယ့် passwd command ကို root အနေနဲ့ SUID set ထားလိုက်ပါတယ်။ passwd command က လုပ်တယ့် အလုပ်မှန်သမျှ ၊ /etc/shadow မှာ hash update လုပ်တာအပါအဝင်၊ အားလုံးကို ဒီ file ရဲ့ owner ဖြစ်တယ့် root user အနေနဲ့ လုပ်သွားလိုက်တယ်။ /etc/shadow ကို everyone editable ပေးရတာထက် အများကြီးကောင်းတာပေါ့။ ဒီလောက်ဆိုရင် SUID ဆိုတာ ဘာလုပ်တယ်၊ ဘယ်လိုဆိုတာ သိလောက်ပါပြီ။

အပေါ်မှာ ပြောခဲ့သလိုပဲ SUID set ရင် အလွန်သတိထားရပါတယ်။ ဒီ executable file က ဘာတွေလုပ်သလည်းဆိုတာရယ် သူ့ source ရယ်ကို သိသင့်ပါတယ်။ SGID set ထားတယ့် file တစ်ခုက တစ်ခြား user ကို write permission မပေးရပါဘူး။ Edit လုပ်ပြီး သူလိုချင်တယ့် command တွေပြောင်းသွားရင် ကိုယ်ပဲ ပြသနာဖြစ်ပါမယ်။ Shell script လိုဟာမျိုး ၊ source file လိုဟာမျိုးကို SUID မပေးသင့်ပါဘူး။ Content ကိုမြင်နေရလို့ Buffer Over Flow(BOF) flaw ရှိတာတို့ဘာတို့ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် Compiled binary ကိုပဲ SUID ပေးသင့်ပါတယ်။ ဒါတောင် safe လို့ပြောလို့မရပါဘူး။

ခုတစ်လော စာမရေးဖြစ်တာကြာလို့ Clonezilla လေးနဲ့ server တစ်ခုကို image အဖြစ်ပြောင်းနေတာ ထိုင်စောင့်ရင်း ဒီ post ကိုရေးလိုက်ပါတယ်။ SGID တော့ နောက်မှပေါ့ ။ ဘာရေးရမှန်းမသိသလို စာစီမရတာလည်းကြာပြီ ။ :D


Regards
Divinity

Sunday, June 27, 2010

Linux မှာ virus မရှိဘူးဆို ?

အခုတစ်လော Linux မှာ virus မရှိလို့သုံးတယ်ဆိုတယ့် သူတွေများလာတယ်ဆိုတယ့်အကြောင်း ညီလေးတစ်ယောက်ကလာလာပြောနေတယ်။ Virus ကြောက်စရာမလိုလို့ Ubuntu ပဲသုံးတယ်ဆိုတယ့် သူတွေပေါ့။ Linux ကပျော်စရာ လည်းကောင်းသလို challenging လည်း ပိုများပါတယ်။ သူတို့ဘာသာ ဘာကြောင့်ပဲသုံးသုံးပါ သုံးဖြစ်ဖို့က အဓိကပေါ့။ သုံးဖြစ်သွားရင် သုံးရင်း လေ့လာရင်း သိလာလိမ့်မယ်။ ဒါပေမယ့် မသုံးဖြစ်တယ့် သူတွေ၊ လေ့လာမှု အားမကောင်းတယ့် သူတွေအတွက် idea အမှားကြီးဖြစ်ပြီး 'ဪ ကြားပြီးပြီလား၊ Linux ဆိုတာကြီးက virus မရှိဖူးတဲ့' ဆိုပြီး ယောင်တောင်တောင်နဲ့ ကိုယ်တိုင်လည်းမသိပဲ သံယောင်လိုက်မယ့်သူတွေ အတွက်တော့ မကောင်းဖူး။

Linux က bullet proof operating system တစ်ခုမဟုတ်ပါဖူး။ Security ကို အဓိက ဦးစားပေးစဉ်းစားထားတယ့် Unix ကို အခြေခံထားတာပဲရှိတယ်။ လူလုပ်တယ့် ကိစ္စ ဘယ်တော့မှ perfect မဖြစ်ဖူး၊ စိတ်ပူမနေနဲ့။ Windows နဲ့ ယှဉ်လိုက်ရင် Virus နည်းတယ်လို့ပဲပြောလို့ရတယ်။ နည်းလွန်းလို့ မရှိသလိုဖြစ်နေတာပါ။ ဘာကြောင့် နည်းတာလည်း ဆိုရင်တော့ ဒါတွေကြောင့်လို့ ကျနော်က မြင်တယ်။

၁။ အသုံးပြုမှုနည်းပါးခြင်း
Home user တွေကြားထဲမှာ Linux အသုံးပြုသူက 2% လောက်ပဲရှိပါတယ်။ ဒီလောက်လေးနဲ့ကြ virus/trojan ရေးတယ့်သူတွေကို မဆွဲဆောင်နိုင်ပါဘူး။ ကိုယ်ရေးတယ့် virus/trojan ပြန့်နိုင်စွမ်းလည်း နည်းမယ်။ အလုပ်လည်းသိပ်မဖြစ်ဖူးပေါ့။ ဒါနဲ့ပဲ Linux မှာ virus ရေးဖို့ သိပ်စိတ်မဝင်စားကြတာဖြစ်မယ်။ နောက်တော့ ရှိလာကြမှာပါ။

၂။ Advanced Users
လွန်ခဲ့တယ့် သုံးနှစ် 2007 လောက်ကထိ Linux ကသုံးရတာမလွယ်ကူပါဘူး။ လွယ်လွယ်ကူကူ သုံးချင်သူတွေ၊ Computer အကြောင်း သိပ်မသိချင်ပါဖူး၊ သုံးလို့ရပြီးတာပဲ ဆိုတယ့် သူတွေရဲ့ choice မဖြစ်ခဲ့ပါဖူး။ Linux သုံးတယ့် သူတော်တော်များများက IT နယ်ပယ်ထဲကလူတွေ၊ IT ကို အနည်းနဲ့ အများ စိတ်ဝင်စားတယ့် သူတွေ များပါတယ်။ ဒီ computer ပေါ်မှာ သူတို့ ဘာလုပ်နေတယ်ဆိုတာကို သေခြာသိတယ့် သူတွေမို့ ၊ security sense ရှိကြပါတယ်။ တွေ့ကရာ လျှောက် click ၊ install ဆိုပြီး လုပ်ကြမယ့် သူတွေမဟုတ်လို့ ဒီလိုလူတွေကို target ထားတာထက်စာရင် ၊ Pop-up တွေ့ရင် ကောက် click လိုက်မယ့် novice တွေကို ပိုပြီး target ထားတာကောင်းမှာပေါ့။ အဲလို novice တွေက သုံးရတာပိုလွယ်ကူတယ့် windows သုံးလေ့ရှိတယ်လေ။ အဲလို user တွေ Linux များများသုံးလာရင် Linux လည်း target ကောင်းတစ်ခုဖြစ်လာမှာပါ၊ စိတ်ဓာတ်မကျပါနဲ့။

၃။ Fix တွေထွက်တာမြန်တယ်
Opensource မို့လို့ lib တွေမှာ exploit တွေ flaw တွေရှိနေရင် ရှာဖွေတွေ့ရှိသူကတာ inform လုပ်၊ နောက်က fix လုပ်မယ့် သူတွေက အများကြီး။ ဒါကြောင့် Linux ရဲ့ exploit တွေက သိပ်ပြီး ကြိုးစားကြည့်ချင်စရာ မကောင်းဖူး။ ကိုယ်က ဒီနေ့ရှာတွေ့ နောက်နေ့ fix ထွက်နေပြီ။ User တွေ patch install လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့။ MS မှာတော့ Conficker တုန်းက exploit ရှာတွေ့တာနဲ့ fix က နှစ်လလောက်ကြာပါတယ်။ User က update မလုပ်မိတာတွေရှိလို့ ဒီ exploit က တစ်နှစ်လောက် ကောင်းကောင်း အလုပ်ဖြစ်နေတာပဲ။ ဒီလိုတွေရှိတော့လည်း လုပ်စားရ ပိုကောင်းတယ့် Windows က virus/trojan ပိုထွက်တာပေါ့။

ဒါ ထင်သာ မြင်သာ အချက်တွေပါ။ ဒါထက်ပိုတာတွေ ရှိအုန်းမှာပါ။ Unix / Linux မှာ အရင်တုန်းက rootkit ဆိုတယ့် အသုံးအနှုန်းက ပိုခေတ်စားပါတယ်။ Trojan လို backdoor လို ကောင်မျိုးပါပဲ။ Backdoor ပိုဆန်မယ်ထင်တယ်။ Kernel module တစ်ခုအဖြစ်၊ device driver တစ်ခုအဖြစ် ကိုယ့်ကိုကိုယ် ဟန်ဆောင်ပြီး Operation system တက်တိုင်း သူကပါလိုက်တက်လာမယ်၊ service တစ်ခု port တစ်ခု compromise ထားမယ်၊ attacker အတွက် ဝင်လမ်း ထွက်လမ်းဖွင့်ပေးထားမယ်ပေါ့။ ဒါပေမယ့် process list ထဲမှာတော့ မပေါ်ဘူး။ ဒါမျိုးက တကယ် intrude လုပ်ပြီးသွားမှ နောက်တစ်ခါ ပြန်ဝင်ရလွယ်အောင် လုပ်တာမျိုးပါ။ Virus / Trojan ဆိုတာမျိုးထက် advance ဖြစ်ပါတယ်။

ခုတော့ user information ခိုးတယ့် trojan လိုကောင်တွေတောင် linux မှာ ပေါလာပါပြီ။ Ubuntu / debian package ဖြစ်တယ့် deb file တွေမှာ trojan လေးတွေထဲ့ပေးတာတို့၊ tarball မှာကို ပါလာတာတို့ရှိလာပါပြီ။ Opensource မို့လို့ security fix ထွက်တာမြန်သလို ၊ opensource မို့လို့ trojan လေးထဲ့ပေးလိုက်ဖို့လည်း ပိုလွယ်ပါတယ်။ Deb တို့ rpm တို့ဆိုတာ လွယ်လွယ်ပြောရင် exe installer တွေလိုပါပဲ။ Run လိုက်ရင် ဘာတွေလုပ်မယ်၊ ဘယ်လမ်းကြောင်းအောက်မှာ ဘာထားမယ်၊ ဘယ် service ကို startup မှာတင် run အောင် service register မယ်၊ ဒါမျိုးတွေပါပဲ။ ပုံမှန် install လုပ်မယ့် action လေးအပြင် trojan install လေးပါထဲ့ပေးထားရင် သိမှာမဟုတ်ပါဘူး။

Tarball source file တွေဆိုလည်း ပြန်ပြင်ထားတယ့် source file လေးတွေထဲ့ပေးထား၊ user က compile ပြီး install လည်းလုပ်လိုက်ရော trojan လေးပါဝင်။ ဒါလည်းဖြစ်တာပဲ။ ပုံမှန်ကတော့ ယုံကြည်ရတယ့် site က repository ကမဟုတ်ရင် install မလုပ်ဖို့ပဲရှိပါတယ်။ Security အတွက် instller package က original အတိုင်းဟုတ်မဟုတ် ၊ ပြောင်းလည်းထားတာရှိမရှိ PGP တို့ GPG တို့လို hash matching / keys တွေနဲ့ ပေးလေ့ရှိပါတယ်။ ဒါကတော့ သုံးနေတယ့်သူတွေ သိမှာပါ။ GPG မကိုက်လို့ ၊ ဒါမှမဟုတ် official GPG မရှိလို့ install လုပ်မှာ သေချာလား ဆိုတယ့် confirmation မျိုးမေးတာ Ubuntu မှာလည်း ရှိပါတယ်။ ဒါမျိုးလေးတွေ နည်းနည်း တော့ ဂရုစိုက်ပေးရင် ပိုကောင်းပါမယ်။

AppArmor တို့ SELinux တို့လို့ security layer မျိုးထပ်သုံးရင်တော့ ပိုကောင်းပါတယ်။ ဘယ် user ၊ ဘယ် process က ၊ ဘယ် folder ကိုပဲ access ရမယ်၊ ဘယ်လို action မျိုးပဲရမယ် ဆိုတာမျိုးတွေက ပုံမှန် Unix / Linux ရဲ့ native ACL ထက် အများကြီး ပိုပြည့်စုံပါတယ်။ ဒါပေမယ့် အလုပ်ပိုလို့ Fedora တို့ ဘာတို့မှာဆို တော်တော်များများက disable ပြီး သုံးကြတယ်။ ကျနော်အပါအဝင်ပါ :D ။ သတိဆိုတာတော့ ပိုတယ်မရှိပေါ့ဗျာ။ ( သူများတွေအတွက်ပြောတာပါ )

ခုတစ်လော Unreal IRCD ရဲ့ news ကိုဖတ်မိလို့ ဒီ post ရေးဖြစ်သွားတာ။ Unreal IRCD ဆိုတာ opensource IRC server patform တစ်ခုပါ။ IRCD ထဲမှာတော့ နာမည် အရှိဆုံးပဲထင်တယ်။ သူတို့ရဲ့ Official download mirror တစ်ချို့က tarball တွေကို တစ်ယောက်ယောက်က trojan ပါတယ့် file တွေနဲ့ အစားထိုးသွားပါတယ်။ Compile / install လုပ်လိုက်ရင် trojan လေးပါ ပါလာမယ်။ ဒါတောင် official mirror တွေ။ သူတို့က GPG နဲ့ပေးတာမျိုးမဟုတ်တော့ file ရဲ့ integrity check မပါဖူးပေါ့။ ပြင်ထားလည်း User ဘက်ကမသိနိုင်ဖူး။

Linux မှာ virus တွေ trojan တွေရှိတယ်လို့ လှန့်တာမဟုတ်ပါဘူး။ Windows နဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်။ ရှိတာတော့ ရှိတာပါပဲ။ Linux က idiot proof OS တစ်ခုမဟုတ်ကြောင်းနဲ့ 'ငါတို့ကတော့ virus မကြောက်ရလို့ Linux ပဲသုံးတယ်' လို့ ပြုံးပြုံးကြီး မပြောမိအောင် သတိပေးတာပါ။ ကိုယ်ကိုတိုင်လည်း အမှားကြီးကို မှတ်ထား၊ သူများတွေကိုလည်း အမှားတွေ လျှောက်ပြောနေမိရင် ဆက်လေ့လာတယ့်နေရာမှာ သိထားတယ့် အကြောင်းအရာ အမှားကြီးတွေက ကန့်လန့်ခံနေလို့ ပိုပြီး ခက်ခဲနေမှာ ဆိုးလို့ပါ။ Santa Clause တကယ်ရှိမရှိနဲ့ ၊ Linux မှာ virus / trojan တကယ်ရှိမရှိက သူများပြောတာထက်. . သုံးရင်း ၊ လေ့လာရင်း ရှာဖွေတွေ့ရှိပါလိမ့်မယ်။


Divinity

Sunday, June 13, 2010

Clean script ( shell scripting)

Google docs ထဲကြည့်ရင်းနဲ့ အရင်က Shell script တိုတိုလေး တစ်ခုကို post လုပ်ပြီး ရေးဖို့ စိတ်ကူးရလို့။ Analysing လိုလို post တွေက လျှောက်သာရေးနေတာ ကိုယ့်ဟာကိုယ်လည်း ပျင်းတယ်။

ဒီ script မျိုးကို ကျနော်တို့က clean script လို့ခေါ်ပါတယ်။ တကယ် အလုပ်လုပ်တာက process kill တာပါ။ တချို့ service တွေက start ရင်ပဲဖြစ်ဖြစ် stop ရင်ပဲဖြစ်ဖြစ် တဝက်တပျက်မှာ ရပ်သွားတာမျိုးရှိတတ်ပါတယ်။ ပြန် start ရင်လည်း service က run နေပြီလို့ပြောတယ်။ Process list ထဲမှာလည်းရှိတယ်။ Log ထဲမှာက error ကြီးနဲ့ access လုပ်လို့မရဘူး။ တခါတလေ service port တောင် မပွင့်လိုက်ဖူး။ Stop လုပ်လို့လည်းမရတော့ဘူး။ လွယ်လွယ်ပြောရင်တော့ Hang သွားတာပေါ့။ ဒါဆို kill မှရတော့မယ်။ ဒါမျိုးက Failover Cluster လိုမျိုးမှာ သုံးလေ့ရှိပါတယ်။ တစ်ဖက်မှာ hang နေရင် kill လိုက်၊ ပြန်စကြည့် ၊ ထပ် hang ရင် ထပ် kill ပြီး နောက် server တစ်လုံးကို failover လုပ်သွား၊ admin ကို mail လေးဘာလေးပို့။ ( MySQL ဆို file access permission error ရှိရင် အဲဒါမျိုးဖြစ်တက်တယ်။ )

Service kill တာပဲ ကိုယ့်ဟာကိုယ် ps လေးရိုက်ပြီးကြည့် ၊ pid လေးမှတ်ပြီး kill လိုက်ရုံပေါ့။ ဒါက manual လုပ်မှ ဖြစ်မှာပါ။ Administrator တစ်ယောက်က ဘယ်မှာ ဘာ hang နေလည်း သိဖို့ စိတ်တန်ခိုးရှိမှ ဖြစ်မယ်၊ မဟုတ်ရင် သိလိုက်မှာ မဟုတ်ဖူး။ တစ်ခါတစ်လေ ဒီ server တွေကို Veritas Cluster တို့ဘာတို့လို Server and service monitor တွေနဲ့ monitor လုပ်ခိုင်းထားပြီး service status ကို သူ့ဟာသူ စစ်ခိုင်းထားတာမျိုး၊ လူကိုယ်တိုင် manual လုပ်ရတာမျိုး နည်းနိုင်သမျှ နည်းအောင် လုပ်ချင်တာမျိုးဆိုရင်တော့ script လေးတွေလိုပြီ။ Veritas က ဒီ serivce hang နေမှန်းသိရင် (ဒါကလည်း တခြား script တစ်ခုနဲ့ စစ်တာမျိုးပါ) clean script ကိုခေါ်ပြီး kill လိုက်ပါတယ်။ ပြီးမှ start script ကို ခေါ်ပြီး ပြန် စတာပေါ့။

#!/bin/sh

pid=`/usr/bin/ps -ef | /usr/bin/grep mysqld | grep -v grep|awk -F' ' '{print $2}'`;

if test "$pid" = "" ; then
echo "Process is not Running";
else
echo "Killing process..."
kill -9 $pid;
fi


ဒီ script မှာ mysqld ကို ဥပမာ အနေနဲ့ပေးထားပါတယ်။ Script လေးကိုပြန်ကြည့်ရအောင်။

ပထမ line မှာ #!/bin/sh လို့ပေးထားတာက Shell Env ကို sh shell လို့သက်မှတ်တာပါ။ ဒီ script က bash shell မှာလည်း အလုပ်လုပ်ပါတယ်။

ဒုတိယ line က ဒီ script မှာ အဓိက အလုပ်လုပ်တယ့် line ပါ။
pid=`/usr/bin/ps -ef | /usr/bin/grep mysqld | grep -v grep | awk -F' ' '{print $2}'`;


pid ဆိုတယ့် variable တစ်ခုယူလိုက်ပါတယ်။ ဘာ type ဖြစ်ရမယ်လို့ ကြိုသတ်မှတ်ပေးဖို့မလိုပါဘူး။ pid ထဲကို value တစ်ခုထဲ့တယ့်နေရာမှာ နည်းနည်းအသေးစိတ်ပါတယ်။ နောက်က command တွေကိုအရင်စမ်းကြည့်၊ လိုချင်တယ့် result ရမှ ဒီline ကိုရေးတာကောင်းပါတယ်။ #ps -ef | grep mysqld နဲ့ MySQL service ရဲ့ process id ကိုကြည့်လို့ရပါတယ်။ ဒါပေမယ့် -ef ရဲ့ ထုံးစံအရ၊ MySQL ရဲ့ pid အပြင် အခု run လိုက်တယ့် grep command ရဲ့ pid ပါပြနေတယ်။ ဒါဆို pid အပိုတစ်ခုပါနေတယ်။ ဒါဆိုမလိုအပ်တယ့် grep ရဲ့ pid ကို ဖယ်ထုတ်မယ်။ grep -v grep ကိုသုံးပါတယ်။ grep -v က invert match လို့ခေါ်တယ့် option ပါ။ grep -v grep လို့ပေးလိုက်တော့ grep ရဲ့ pid က လွဲရင် လို့ ဆိုလိုလိုက်တာပါ။ ဒါဆို mysqld တစ်လိုင်းထဲရပြီ။ ( တကယ်လို့ တခြားမဆိုင်တာတွေရှိရင်လည်း ဖယ်ရပါလိမ့်မယ်။ ဒါမှမဟုတ်လည်း result ထဲက နောက်တစ်ခုကို ထပ် grep လိုက်ပေါ့။ ) လိုချင်တာ တစ်လိုင်းထဲရပြီဆိုရင် လိုချင်တယ့် Process ID တစ်ခုထဲကို pid variable ထဲကို ထဲ့ဖို့ လိုပါတယ်။ တစ်လိုင်းလုံးပေးလိုက်လို့မရပါဘူး။ ဒီမှာ awk ကိုသုံးပြီး pattern filtering လုပ်ပါတယ်။ awk -F' ' ဆိုတာက awk ကိုသုံးပြီး output result ကို filed တွေခွဲလိုက်တာပါ။ ဘာနဲ့ ခွဲလည်းဆိုတော့ -F ဆိုတယ့် Field separator နဲ့ field တွေကို space နဲ့ခွဲထားတယ်လို့ ပြောလိုက်ပါတယ်။ -F ရဲ့ နောက်က quote လေးနှစ်ခုကြားမှာ space တစ်ချက်ပါပါတယ်။ နောက်က '{print $2}' ဆိုတာကတော့ ခုနက space တွေနဲ့ခွဲထားတယ့်ထဲက ဒုတိယ field ကိုပဲပြပါလို့ ပြောတာပါ။ ဒါဆို Mysqld ရဲ့ process id တစ်လုံးထဲရပါပြီ။ အဲဒီ process id number ကို pid ဆိုတယ့် variable ထဲကို ထည့်လိုက်ပါတယ်။

ပြောစရာ ကျန်ခဲ့တာက equal sign လေးရဲ့နောက်က command execution တစ်ခုလုံးကို ` ` နှစ်ခုကြားမှာရေးပါတယ်။ Keyboard မှာ 1 ဘေးကကောင်လေးပေါ့။ exec comand နဲ့ ခက်ဆင်ဆင်တူပါတယ်။ ဒီ line မှာ Mysqld က run နေရင် mysqld ရဲ့ pid ကို output result အဖြစ် pid variable ထဲထည့်လိုက်ပြီး ၊ run မနေဖူးဆိုရင် ဘာ output မှမထွက်တယ့်အတွက် pid variable က empty value ပဲ ဆက်ဖြစ်နေပါလိမ့်မယ်။

ဒုတိယ line ကရလာတာကို မှ if .. else နဲ့ ပြန်စစ်ပြီး အလုပ်လုပ်ပါပြီ။
if test "$pid" = "" ; then

if test နဲ့စစ်ပြီး then ရဲ့နောက်က (အောက်က) line တွေကို အလုပ်လုပ်ပါတယ်။ if test "$pid" = "" လို့စစ်လိုက်တယ့်အရ $pid ထဲမှာ ဘာ value မှမရှိပဲ blank ဖြစ်နေမယ်ဆိုရင် အောက်ကလိုင်းဖြစ်တယ့် echo ကိုအလုပ်လုပ်ပါတယ်။

else နဲ့ တကယ်လို့ pid variable မှာ value တစ်ခုခုရှိနေမယ် ဆိုရင် process kill ကြောင်း echo msg လေးတစ်ကြောင်းပေးပြီး kill -9 $pid နဲ့ pid variable ထဲမှာပါလာတယ့် process id number ကို kill ပါတယ်။ ဒီမှာ process က hang နေတာမို့ -9 နဲ့ မှရပါလိမ့်မယ်။

ဒီမှာ နည်းနည်း ထွန့်စရာလေးတွေ ရှိသေးတယ်။ ps မှာ -ef option ကမျက်စိနောက်တယ်။ -ae နဲ့ မရဖူးလားဆို ရပါတယ်။ print မှာ $1 ဖြစ်သွားပါလိမ့်မယ်။ Unix style နဲ့ aux နဲ့ဆိုရင်တော့ $2 ပါပဲ။ ကိုယ့်ဟာကိုယ်ပြင်ပေါ့။ -ae က MySQL လိုမျိုး process name ရှင်းမှ အဆင်ပြေပါတယ်။ Java လိုကောင်တွေဆိုရင် Java ဆိုတယ့် process name နဲ့ပဲ ခေါ်ထားတယ့် class ပေါ်မှာမူတည်ပြီး မတူညီတယ့် process တွေဖြစ်တက်ပါတယ်။ အဲဒါမျိုးဆို ps -ef နဲ့ java ကို တစ်ခါ ၊ classname ကိုတစ်ခါ grep မှ လိုချင်တယ့် process ကိုအတိအကျရပါလိမ့်မယ်။

If test မှာလည်း "" နဲ့ blank လို့မစစ်ပဲ NULL ဖြစ်မဖြစ်စစ်ရင်လည်း ရပါတယ်။ Space လေးတွေဖြုတ်ရေးရပါလိမ့်မယ်။ Knowledge sharing သက်သက်ပါ။ ကျနော်လည်း shell scripting expert မဟုတ်လို့ ဒီထက်လွယ်ကူတယ့် နည်းလမ်းလည်း ရှိနိုင်ပါတယ်။ သိရင် ပြန်လာ share ပါ။ စိတ်ဝင်စားပါတယ်။ :D

Thursday, June 10, 2010

Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (3)

1994 မှာစတင်ကခဲ့ပြီး OpenSource community ရဲ့ leading company လို့ ကိုယ့်ကိုကိုယ် ခေါ်တယ့် company ကတော့ Redhat ပါ။ Opensource လို့ပြောတယ့် product တွေနဲ့ စီးပွါးရေးလုပ်တယ်ပဲပြောရမလားပဲ။ သူတို့ရဲ့ ကိုယ်ပိုင် proprietary component တွေ tools တွေကလွဲရင် Redhat Enterprise Linux တစ်ခုလုံးရဲ့ source code ကို opensource ပေးပါတယ်။ JBoss ဆိုလည်း Community version ဆိုပြီးရှိတယ်။ တချို့သော အစိတ်အပိုင်းတွေက လွဲရင် အားလုံး Opensource ပေးပြီး သူတို့က Technical Support တို့ Consultancy တို့ ရောင်းစားပါတယ်။

Redhat ကပေးထားတယ့် Source code တွေကို Community ကပြန် compile လုပ်ထားတဲ့ OS တွေရှိပါတယ်။ Redhat clone လို့လည်းခေါ်ကြတယ့် Redhat derivation တွေပါ။ အဲထဲမှာတော့ CentOS ၊ Scientific Linux နဲ့ Whitebox က လူသုံးကြပါတယ်။ အဲထဲမှာတော့ CentOS က လူသုံးအများဆုံးနဲ့ Redhat နဲ့ အတူဆုံးပါပဲ။ Desktop user / home user တွေကို အဓိကထားတာမဟုတ်လို့ End user application တွေ သိပ်မပါလှပါဘူး။ ( Redhat Enterprise Linux Desktop ဆိုပြီး ရှိပေမယ့် တစ်ခါမှ စမ်းဖို့ မကြုံသေးပါဘူး။ )

CentOS ကလည်း Linux Sever OS ထဲမှာ အတော်တွင်ကျယ်ပါတယ်။ Redhat Enterprise Linux နဲ့ CentOS က 95% လောက်အတူတူပါပဲ။ Redhat ရဲ့ source codes ကို centOS community / team ကပြန် compile လုပ်ထားတာပါ။ အဲဒါကြောင့် update တွေ patch တွေကြတော့ CentOS တို့ SL တို့ က နည်းနည်းနောက်ကြပါတယ်။ Redhat က release လုပ်ပြီးမှ လိုက် compile လုပ်တာကိုး။ Stability ပိုင်းမှာ စိတ်တိုင်းကြစရာ ကောင်းပါတယ်။

Redhat ကငွေကြေးအားဖြင့် ထောက်ပံ့ထားတယ့် Community linux တစ်ခုကတော့ Fedora ပါ။ Redhat Engineer တွေလည်း Fedora team မှာပါပါတယ်။ Community linux တို့ရဲ့ ထုံးစံအတိုင်း အမြဲတန်း အရှိန်အဟုန်နဲ့ သွားတယ့် linux တစ်ခုပါပဲ။ Fedora project က အမြဲတမ်း feature အသစ်အဆန်းလေးတွေ ထွက်လေ့ရှိတယ့် project လို့ပြောကြပါတယ်။ Fedora ရဲ့ တည်ထွင်မှုတွေဟာ စမ်းသက်မှုအဆင့်ဆင့်ကျော်ဖြတ်ပြီးရင် Redhat က မွေးစားလေ့ရှိပါတယ်။ စမ်းသပ်တယ့် နေရာလိုဖြစ်နေလို့ တစ်ချို့ Fedora version တွေဟာ buggy ဖြစ်တက်ပါတယ်။

ပြောဖို့ ကျန်သွားတယ်။ Oracle ရဲ့ Oracle Enterprise Linux ဆိုတာလည်းရှိပါတယ်။ 1998 မှာ Oracle က သူတို့ database product ကို Redhat ပေါ်မှာ run နိုင်ကြောင်း ( Supported OS) အဖြစ် ကြေညာပါတယ်။ နောက်တော့ ဘယ်လိုဖြစ်တယ်မသိ သူတို့ logo နဲ့ Linux ထွက်လာပါတယ်။ အနည်းငယ် ပြုပြင်ထားတယ်လို့တော့ သူများပြောဖူးတယ်။ ရောင်းတယ့် product ကို ကိုကပြန် ဖန်တီးပြီး ပြန်ရောင်းတာဆိုတော့ သိပ်မမိုက်ပါဘူး။ ပိုက်ဆံပေးရတာချင်းတူရင်တော့ origin ဖြစ်တယ့် Redhat က Technical Support ပိုသာမယ်လို့ ယူဆရတာပဲ။ Linux က Redhat အတွက်က main stream product ကိုး။

Redhat လိုပဲ rpm based linux လို့သတ်မှတ်ပြီး ( ဒါပေမယ့် Redhat ကိုအခြေမခံပါဘူး) Commercial product ကြီးနောက်တစ်ခုကတော့ Novell ရဲ့ SuSE enterprise ပါ။ ဟိုးအစတုန်းက Slackware ကိုအခြေခံခဲ့ပြီး ဖြေးဖြေးခြင်းကွဲထွက်လာတာ အခုဆို slack နဲ့ တော်တော်ကို မတူတော့ပါဘူး။ အသုံးတွင်ကျယ်မှုမှာတော့ Redhat ကိုမမှီပေမယ့် တကယ့် company အကြီးကြီးတွေရဲ့ mission criticle server တွေမှာတော့ ဝေပုံကြယူထားတာပါပဲ။ Technical support ပိုင်းနဲ့ Customer care မှာ Redhat ထက်တောင်သာတယ်လို့ ဆိုပါတယ်။ ( ဒါကတော့ ကို William ပြောတာပါ။ သူတို့ company မှာ SuSE ကိုပဲ အဓိကသုံးတယ်ဆိုလို့ မေးဖြစ်ခဲ့တာပါ။)

SuSE မှာလည်း Redhat ရဲ့ Fedora လို စမ်းသက်ကွင်းတစ်ခုရှိပါတယ်။ OpenSuse ပါ။ သူကလည်း beta လိုလို နဲ့ ကျနော်သုံးဖူးတုန်းကတော့ စိတ်လေစရာကောင်းလောက်အောင် buggy ခဲ့ပါတယ်။ KDE မို့လို့ ကြည့်ရတာ မိုက်ပါတယ်။ SuSE / OpenSuSE ရဲ့ GUI က တစ်ချို့နေရာတွေမှာ တော်တော်လှပါတယ်။ KDE တောင်မှ သူက ထက်ပြင်ထားတာမို့ Gnome တွေထက်တော့ memory ပိုစားပါတယ်။

စကားစပ်လို့ပါ၊ မှတ်မှတ်ရရ OpenSuSE ကို စိတ်နာစေတယ့် အကြောင်းလေးပေါ့။ အလုပ်ကဝင်ခါစ၊ Linux က သိပ်မတတ်တခေါက်၊ Samba ကို Active directory နဲ့ cross authenticate လုပ်ချင်လို့။ PAM တွေပြင်တယ် command line ကနေ။ GUI မှာ user account manager လေးဖွင့်ပြီး ပြန်ပိတ်လိုက်ရင် ကျနော်ပြင်ခဲ့သမျှ PAM configuration အကုန် roll back ပဲ။ မရှိတော့ဘူး။ အကုန် default တွေပြန်ဖြစ်ကုန်တယ်။ Samba မှာ Authentication method မှာ local authentication ( server) အစား AD authentication (ads) လို့ ပြင် ၊ save လုပ်၊ ပြန်ကြည့်ရှိသေးတယ်။ UI ကနေ Samba configuration wizard လေးဖွင့်လိုက်၊ ချက်ချင်း ဘာမှမပြင်ပဲ cancel လုပ်၊ ဟိုမှာ server ပြန်ဖြစ်နေပြီ။ UI က wizard လေးဖွင့်လိုက်မိတာနဲ့ အကုန်ပြန်လုပ်ရတာပဲ။ အဲဒါပြီးကတယ်က ကျနော် OpenSuSE ပြန်မသုံးဖြစ်တော့ပါဘူး။ o_O

ဒီနေ့ ခေါင်းကလည်းမူးနေသလိုလို အိပ်ချင်နေသလိုလိုနဲ့ ရေးထားတာ အဆက်အစပ်သိပ်မရှိဖူး။ နောက်မှ တစ်ချို့ဟာလေးတွေ ပြန်ဖြည့်ပါအုန်းမယ်။ Zero / Zero = Zero ပြောသလို ရုံးထဲမှာ အိပ်ငွေ့ချတယ့် ဓာတ်ရှိပုံရတယ်။ တစ်နေကုန် သူများရုံးမှာ သွားနေတာ လန်းဆန်းလို့ ၊ ရုံးလည်းပြန်လာရော 10 minutes မကြာဖူး လေးလံထိုင်းမှိုင်းပြီး အိပ်ငိုက်သွားတယ်။ နောက်နေ့ကြ ခုံပြောင်းထိုင်ကြည့်အုန်းမှပါ။ :(

Thursday, June 3, 2010

Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (2)

Linux distribution ခေတ်ဦးလောက် 1993 - 1994 ပတ်ဝန်းကျင်မှာ Slackware နဲ့ရှေ့ဆင့်နောက်ဆင့်နီးပါး ထွက်လာတယ့် distro ကတော့ Debian ပါ။ Operation System တွေထဲက အအောင်မြင်ဆုံး Community driven server OS လို့တောင်ပြောလို့ရပါတယ်။ Enterprise level linux server တွေမှာ Redhat ပြီးရင် လူသုံးအများဆုံးလောက်ရှိပါတယ်။ Stability အားကောင်းတယ့် Linux distro တစ်ခုပါ။ Ubuntu ရဲ့အဖေမို့ Ubuntu ကျွမ်းကျင်ရင် Debian လေ့လာရတာ မခက်ပါဘူး။ Community အလွန်အားကောင်းပါတယ်။ အဲဒီအတွက်လည်း Debian ဟာအလွန် up to date ဖြစ်ပါတယ်။ Re Debian package (.deb) တွေ ကို Commnity တစ်ခုလုံးက Engineer ထောင်နဲ့ချီ maintain လုပ်နေတာမို့ Commercial Linux တွေထက် update release ပိုမြန်ပါတယ်။ Library တစ်ခု ၊ package တစ်ခု version အသစ်ထွက်ရင် Debian repo တွေမှာလည်း update version ရှိနေပါပြီ။ Debian မှာ package manager အနေနဲ့ apt ကို အဓိကသုံးပါတယ်။ ကျနော်ကိုယ်တိုင်က Deb linux fans မဟုတ်ပေမယ့် package management မှာ apt က redhat ရဲ့ yum ထက်ပိုသာတယ်လို့ မြင်ပါတယ်။ Server OS မို့ laptop မှာသွင်းရင် driver လေးတွေ ကိုယ့်ဟာကိုယ် ရှာသွင်းရတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ webcam လိုဟာမျိုးပေါ့။

အဖေထက်သား တစ်လကြီးတယ့် Deb-based Linux ကတော့ ဇာတ်လိုက်ကျော် Ubuntu ပါ။ Community driven ပါပဲ။ Server OS နေရာမှာ Debian ကိုမကျော်နိုင်ပေမယ့် Desktop version ကတော့ Linux တစ်ခုအနေနဲ့ဆိုရင် ဟုန်းဟုန်းတောက်အောင်မြင်ပါတယ်။ Ubuntu က desktop တွေ laptop တွေအတွက် အဓိကထားထားတာမို့ hardware တော်တော်များများကို driver သိပါတယ်။ Release cycle က ခြောက်လတစ်ခါ release လုပ်တော့ အမြဲတန်း kernel အသစ် library အသစ် hardware driver အသစ်တွေနဲ့ အဆင်ပြေပါတယ်။ Install လုပ်လိုက်ရင် hardare အားလုံးနီးပါးက သုံးရန်အသင့်၊ လိုအပ်မယ့် package လေးတွေကလည်း default ပါပြီးသား၊ ထပ် install လုပ်ချင်ရင်လည်း GUI ကနေ click click နဲ့တင်ရတယ်။ Mouse လေးသုံးရမှ ကျေနပ်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ Windows လောက် idiot proven usability မဟုတ်ပေမယ့် 90% လောက် ok မှာပါ။ Debian ရဲ့သားမို့ debian community ကိုအမွေဆက်ခံထားပါတယ်။ Windows မဝယ်ချင်လို့၊ Virus စိတ်ညစ်လို့ Linux ဖက်ပြောင်းလာသူတွေက Ubuntu ကိုရွေးလေ့ရှိတာမို့ beginner ဆန်ဆန်မေးခွန်းတွေ တော်တော်များများက ubuntuforum.org မှာရှိနေပြီးသားပါ။ မသိရင် မေးစရာတောင်မလိုဘူး။ သွားရှာ ၊ ရှိတယ်။

ဒါဆို တော်တော်အစဉ်ပြေတယ့် Linux ပဲလို့ပြောလို့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒါကလည်း ကြားဖြတ်ပြောတယ့် ကျနော့ရဲ့personal အမြင်၊ အကြံပေးတာပါ။ သိပ် user friendly ဖြစ်လွန်းတော့ Windows အစားထိုးစစ်စစ်ဖြစ်နေတတ်ပါတယ်။ Windows သုံးတုန်းကလည်း Operation system လို့ပြောရင် မျက်လုံးအဝိုင်းသား၊ Ubuntu သုံးတော့လည်း ထိုနည်းလကောင်း။ User အတွက် အစဉ်ပြေပါတယ်။ Engineer ဖြစ်ချင်ရင်တော့ လေ့လာရုံလောက်ပဲ GUI ကိုအားကိုးသင့်ပါတယ်။ Linux ကိုတကယ် သိချင် တက်ချင်ရင်တော့ GUI ကို သိပ်မမှီခိုစေချင်ပါဘူး။ မဟုတ်ရင် Ubuntu user ပဲဖြစ်လာတတ်ပါတယ်။ Linux user ဖြစ်မလာတော့ပါဘူး။

Ubuntu က Gnome desktop နဲ့လာလေ့ရှိပြီး၊ Kubuntu ရယ်လို့ KDE နဲ့ လာတာလည်းရှိပါတယ်။ Ubuntu ကိုမှ အခြေခံတယ့် Educational version Edubuntu တို့ဘာတို့လည်းရှိသေးတယ်။ နောက်ထက် Ubuntu ကိုအခြေခံထားတယ့် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့ပြောလို့ရတယ့် Linux ကတော့ Linux Mint ပါ။ သူလည်း home user တွေအတွက် ရည်ရွယ်တာမို့ OpenOffice တို့ Multimedia player တော်တော်များများတို့ အဆင်သင့်ပါလာပါတယ်။ သူလည်းလှလှပပနဲ့ သုံးရတာ အတော်လွယ်တယ့် Linux ပါပဲ။

Ubuntu လိုပဲ Debian အခြေခံတယ့် နောက်နာမည်ကြီး Linux တစ်ခုက Knoppix ပါ။ 2003 မှာ စတင်ခဲ့ပြီး Linux LiveCD distro ထဲမှာ သူစအောင်မြင်တာလို့ ပြောရမလားမသိဘူး။ သူ့ထက်စောတယ့် DemoLinux တို့ဘာတို့ရှိပေမယ့် ကျနော်တို့က 2004 လောက်မှ မျက်စိစပွင့်တာမို့ Knoppix နဲ့ပဲ စသိခဲ့တာပါ။ Install လုပ်စရာမလိုပဲ CD ပေါ်ကနေတင် boot တက်လို့ရတယ်။ အများအားဖြင့် rescue disc အနေနဲ့ အသုံးများပါတယ်။ အဲ အခုတော့ Ubuntu အပါအဝင် Linux တိုင်းနီးပါးက LiveCD option ပေးလာပါတယ်။ Download ပါ၊ စမ်းကြည့်ပါ၊ ကြိုက်မှ install ပါပေါ့။

ဒါကတော့ Deb based ထဲက ရောက်တက်ရာရာပဲ။ Rpm based ထဲက Redhat တို့ Fedora တို့၊ Slackware ကို အခြေခံတယ့် Novell ရဲ့ SuSE linux တို့ ၊ Linux from scratch တို့၊ Hacker လို့ကိုယ့်ကိုကိုယ် ခေါ်တယ့်သူတွေကြိုက်တယ့် Security auditing linux တွေ၊ SmoothWall တို့လို firewall linux တွေ ... တော်တော်များတာပဲ။ ရေးဖြစ်မယ် ဆိုရင်ပြောပါတယ်။ :D

Wednesday, June 2, 2010

Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း

အခုနောက်ပိုင်း မြန်မာ အိုင်တီ community တွေမှာ Linux အကြောင်းတွေပြောလာကြ သုံးတယ့်သူပိုများလာကြတာတွေ့ရတယ်။ Windows နဲ့ Operation System အတူတူပဲလို့ထင်ရာကနေ၊ Computer နဲ့ Windows ခွဲခြားမရတယ့်အနေအထားကနေ ပြောင်းလည်းလာတာတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် Linux လို့ပြောရင် Ubuntu ပြေးပြေးမြင်တယ့်သူတွေ များများလာတာတော့ စိတ်ကသိကအောင့်ဖြစ်စရာပဲ။ Linux distro တွေအကြောင်းနည်းနည်းလောက် လေ့လာကြည့်ရအောင်။ ကျနော်သေချာမသိတယ့် မသုံးဖူးတယ့် distro တွေကို ရမ်းမတုတ်ချင်လို့ ထဲ့မပြောတော့ပါဘူး။ ကျနော်သိသလောက်ထဲက ဘယ် distro က ဘာတွေစိတ်ဝင်စားစရာကောင်းလည်းပဲ ပြောတော့မယ်။ ကျနော်သိသလောက်ထဲက ပြန်မျှဝေယုံလောက်ပါ။

Linux distro တွေမှာ တချို့က power user တွေအတွက်အဓိက ထားတာမျိုးရှိပါတယ်။အဲလို distro တွေက stability နဲ့ performance ကိုအဓိကထားပါတယ်။ Linux ကိုနားလည်းထားပြီးသား experienced user တွေအတွက်သာ အစဉ်ပြေပါတယ်။ ဥပမာပြောရရင်တော့ Gentoo နဲ့ Slackware ပါ။ Slackware က Linux history ရဲ့ သက်တမ်းအရင့်ဆုံး distro ပါ။ User က ကျွမ်းကျင်ရင် ကျွမ်းကျင်သလို customized လုပ်နိုင်လို့ ကိုယ့်စိတ်တိုင်းကြ ရနိုင်တယ်လို့ ဆိုကြပါတယ်။ အဲ၊ တကယ်လို့ Linux အကြောင်းကို မတောက်တခေါက်တောင် မသိဘူး၊ သူများပြောတာ နားမယောင်ဘူး၊ ခုမှ Linux ကိုနားလည်ချင်လို့ စစမ်းချင်တာဆိုရင်လည်း Gentoo သို့မဟုတ် Slackware ကိုသုံးတာ အကောင်းဆုံးလို့ ပြောကြပါတယ်။ တကယ်တမ်း စိတ်ရှည်ရှည်နဲ့ အသေးစိတ်လေ့လာချင်တယ် ဆိုရင်ပါ။ Gentoo သို့မဟုတ် Slackware သုံးတက်တာဟာ Linux သုံးတတ်တာပဲ လို့ Senior တွေပြောတာ မှတ်သားဖူးတယ်။ စိတ်ရှည်ရှည်ထားနိုင်ရင် အကောင်းဆုံး distro တွေပေါ့။

ဖတ်ရတာတော့ စိတ်ဝင်စားစရာ distro ပဲ၊ ဘာလို့ မသုံးကြတာလည်း ? သုံးကြပါတယ်။ အလွယ်တကူမရှိလို့ Home user usable မဖြစ်လို့၊ လူသုံးနည်းတာပါ။ Package တွေကိုယ်တိုင် compile လုပ် configure လုပ်ရတာ စိတ်ဝင်စားစရာကောင်းပေမယ့် အလျှင်လိုလို့မရပါဘူး။ ဒီနေ့ install လုပ်၊ နောက်နေ့သူများတွေရှေ့ 'တွေ့လား ငါ linux သုံးနေတာ' လုပ်ချင်ရင်တော့ ဒီ distro မျိုးနဲ့ အစဉ်မပြေပါဘူး။ Linux system တစ်ခုရဲ့ အလုပ်လုပ်ပုံ၊ kernel module တွေ၊ package တွေ compile လုပ်တာ၊ Makefile တွေ၊ လိုအပ်တယ့် library တွေ ၊ behind the scene က အကြောင်းအရာတွေ သိချင်ရင်တော့ စိတ်ဝင်စားစရာ ကောင်းတယ့် Linux distro တွေပါ။

.............................
အင်းးးးးးးးးးးးး အားလုံး အစအဆုံးရေးပြီးမှတင်ချင်ပေမယ့် ကျနော့ google docs ထဲမှာလည်း ရေးလက်စတွေ တော်တော်များနေပြီ။ အလကားသိမ်းထားတာပဲ အဖတ်တင်နေမှာဆိုးလို့ ဒါကို အရင်တင်လိုက်ပါတယ်။ xD

Thursday, March 18, 2010

NTFS Filesystem support on Linux

Ubuntu တို့ Fedora တို့မှာတော့ NTFS support က အစကတည်းကပါလာလိမ့်ရှိပါတယ်။ ဒါတောင်တခါတစ်လေကြ read ပဲရပြီး write မရပဲဖြစ်တက်သေးတယ်။ ကျနော်က CentOS အသုံးများတော့ CentOS မှာက NTFS write support မပါတက်ဖူး။ Kernel recompile ရင်တော့ရပေမယ့် NTFS write လေးရဖို့ kernel တော့ recompile မလုပ်ချင်ဖူး။ NTFS read/write ရအောင် NTFS-3G ဆိုတယ့် FS module ရှိတယ်။ RPMforge repository မှာရှိပါတယ်။ လွယ်လွယ်ကူကူ အဲဒါလေးပဲ install လိုက်တာကောင်းပါတယ်။

အရင်ဆုံး rpm-forge repo ကို yum repo ထဲမှာထဲ့ဖို့လိုပါတယ်။ ဒါမှ yum နဲ့ install လုပ်ရင် သူ့ဟာသူ dependency resolving လုပ်သွားမှာ။ မဟုတ်ရင် ကိုယ့်ဟာကိုယ် dependency တွေ install နေရမယ်။ CentOS လို့ယူဆပြီးပဲ ပြောပါမယ်။ ဒါပေမယ့် RPM အလုပ်လုပ်တယ့် Linux တိုင်းမှာ ရမှာပါ။

1. rpmforge rpm လေးအရင် download မယ်။ (wget ကတော့ ရှိပြီးသားလို့ ယူဆလိုက်ပါတယ်။ မရှိရင်တော့ wget အရင် သွင်းပါ။)
#wget http://apt.sw.be/redhat/el5/en/i386/RPMS.dag/rpmforge-release-0.3.6-1.el5.rf.i386.rpm


2. GPG key import လုပ်မယ်။ မဟုတ်ရင် RPM ကို install လုပ်လို့မရပဲဖြစ်နေပါလိမ့်မယ်။ 3rd party RPM ဖြစ်နေလို့ပါ
#rpm --import http://dag.wieers.com/rpm/packages/RPM-GPG-KEY.dag.txt


3. RPM ကိုအရင်စစ်
#rpm -K rpmforge-release-0.3.6-1.el5.rf.i386.rpm


4. RPMforge repo install လုပ်မယ်
#rpm -i rpmforge-release-0.3.6-1.el5.rf.i386.rpm

ဒီလို လုပ်လိုက်ခြင်းအားဖြင့် နောက် install လုပ်တိုင်း CentOS repo က တင်မဟုတ်ပဲ RPMforge repo ကပါ package တွေကိုရှာပါလိမ့်မယ်။

5. RPMforge repo မှာရှိတယ့် package တွေရဲ့ list ကို အရင် build လုပ်ရပါအုန်းမယ်။
#yum check-update


6. Kernel version လေး တစ်ချက် ကြည့်ရအောင်။ ဒါအရေးကြီးပါတယ်။ Kernel version နဲ့ kernel-devel version က တူဖို့လိုပါတယ်
#uname -r


7. Kernel-devel install လုပ်မယ်။
#yum install kernel-devel

တကယ်လို့ Kernel devel နဲ့ Kernel နဲ့ version မတူရင် kernel ပါပြန် install လုပ်ပြီး restart တစ်ခါချရပါလိမ့်မယ်။ Kernel အသစ်နဲ့ boot လုပ်ပြီးမှ ကျန်တာ ဆက်လုပ်ပါ။

8. လိုအပ်တယ့် Package တွေကို တစ်ခါထဲ install လုပ်ရအောင်
#yum install fuse fuse-ntfs-3g dkms dkms-fuse


9. NTFS partition ကို Linux ပေါ်မှာ mount လို့ရပါပြီ
#mount -t ntfs-3g /mount_point /windows_partition

Mount point ကတော့ ကိုကြိုက်ရာနဲ့ အစားထိုးပေါ့။ အစကတည်းက ကြိုပြီး create မထားရင်လည်း အခု create လို့ရပါတယ်။ Windows partitions ကိုမသိရင်တော့ fdisk နဲ့ကြည့်ပါ။

#fdisk -l


ကြလာတယ့် table ထဲက NTFS file system နဲ့ partition ကိုမှတ်ထား။ ဆိုကြပါတော့ /dev/hda2 ဆိုရင် အပေါ်က /windows-partition နေရာမှာ /dev/hda2 ကို အစားထိုးလိုက်ပါ။ စမ်းကြည့်ပါ အဆင်ပြေမှာပါ။


Divinity

Tuesday, February 2, 2010

Linux Directory Structure

Linux system ကိုစလေ့လာမယ်ဆိုရင် Linux ရဲ့ directory structure ဟာ Windows နဲ့ လုံးဝကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ Windows မှာတုန်းကလို C: D: တွေလည်းမရှိတော့ သလို Windows directory လိုမျိုးလည်း ရှာတွေ့မှာမဟုတ်ပါဘူး။Windows မှာဆိုရင် ဒါကတော့ C:\windows အောက်မှာ၊ ဒါဆိုရင်တော့ system32 အောက်မှာ ဆိုတာမျိုး ရင်းနှီးနေပေမယ့် Linux မှာဆိုရင်တော့ ဘယ်လို file တွေက ဘယ် directory အောက်မှာရှိတတ်တယ်ဆိုတာ စစချင်းမှာ ရှာဖို့ခက်နေတတ်ပါတယ်။ ဒါဆို Linux မှာဘာတွေရှိလည်း၊ အဲဒါတွေက ဘာတွေလည်းဆိုတာ နည်းနည်းလေ့လာကြည့်ရအောင်။ (Linux / Unix environment မှာ directory ဆိုတယ့် အသုံးအနှုန်းအစား File System လို့လည်းသုံးတတ်ပါတယ်။ )

Linux distribution အလိုက် တခြား directory တွေရှိတတ်ပေမယ့် ကျနော်တို့ Linux တိုင်းမှာပါတယ့် Generic ဖြစ်တယ့် directory တွေကို အဓိက ကြည့်ကြရအောင်။

Linux မှာdirectory( file system) တွေ အားလုံးက System Root directory လို့ခေါ်တယ့် '/' ကနေစပါတယ်။ System root directory ဖြစ်တဲ့ “/” အောက်ကနေ ကျန်တဲ့ directory တွေအားလုံး ဆက်သွားပါတယ်။ ဒါကြောင့် /boot တို့ /etc တို့ဆိုပြီး '/' ရဲ့နောက်မှာ ဆက်ပြီးရေးကြတာပါ။ ( ဒါဆို '/' က C: ကြီးပေါ့လို့တော့ မထင်ပါနဲ့။ တူတာတွေရှိပေမယ့် မတူတာတွေလည်းရှိပါတယ်။) Linux ရဲ့ directory structure ကတော့


/ --
- /boot
- /sbin
- /bin
- /etc
- /home
- /root
- /lib
- /usr
- /var
- /tmp
- /dev
- /mnt
- /proc
- /opt



/
ဒီ directory ကတော့ Linux directory structure ရဲ့ အစမှတ်ဖြစ်ပါတယ်။ System Root directory လို့ ခေါ်ပါတယ်။ ဒါပေမယ့် အလွယ်တကူ root directory လို့ပဲခေါ်ကြတယ့် အတွတ် Root user ရဲ့ home directory ဖြစ်တယ့် /root နဲ့ ရောတတ်ကြပါတယ်။ ကျန်တယ့် directory တွေဟာ Root directory ( '/' ) ကနေမှ directory tree အဖြစ်ခွဲထွက်လာကြတာပါ။
Root directory ( '/' )က ပုံမှန်အားဖြင့် directory တွေစုထားတယ့် ပင်မ directory တစ်ခုပါ။ Root directory ( '/' ) ရဲ့ အောက်မှာ (/usr တို့ /bin တို့လို) directory တွေပဲရှိတတ်ပါတယ်။ ပုံမှန် file တစ်ခုကို '/' အောက်မှာ ဖွဲ့စည်းလေ့မရှိပါဘူး။


/boot
Boot directory ကတော့ Operation system တစ်ခု boot တက်လာဖို့လိုအပ်တယ့် file တွေ သိမ်းစည်းထားတယ့် နေရာပါ။ /boot directory ရဲ့ အောက်မှာ Boot loader လို့ခေါ်တယ့် Grub တို့ lilo တို့ရဲ့ config file တွေ၊ Kernel image တွေ initrd file တွေရှိပါတယ်။


/sbin
System binary directory ပါ။ ဒီ /sbin directory မှာ System administrator တစ်ယောက်အတွက် လိုအပ်မယ့် command တွေ binary တွေကိုထားပါတယ်။ /sbin အောက်မှာရှိတယ့် တစ်ချို့ command တွေကို System Administrator ကသာ Access လုပ်ခွင့်ရှိပါတယ်။ Harddisk ကို partition ပိုင်းတယ့် fdisk တို့ ၊ format ချတယ့် mkfs command တွေကို /sbin အောက်မှာထားပါတယ်။ /sbin ရဲ့ ပုံစံတူ နောက်ထပ် directory တစ်ခုကတော့ /usr/sbin directory ပါ။ Administrator တွေပဲသုံးရတယ့် useradd / userdel / groupadd တို့လို command မျိုးတွေ ထားပါတယ်။


/bin
User တွေအားလုံး နေ့စဉ် အသုံးပြုနေတယ့် binary ( commands) တွေကို /bin directory အောက်မှာထားပါတယ်။ cp / mv / rm / ls တို့လို command တွေအပြင် SHELL တွေဖြစ်တယ့် bash တို့ csh တို့ကိုနဲ့ ဆိုင်တယ့် binary တွေကို /bin directory ထဲမှာ ထားပါတယ်။


/etc
Editable Text Configuration directory လို့ ဆိုတယ့် အတိုင်း System မှာရှိတယ့် services တွေရဲ့ configuration file တွေကို /etc directory ထဲမှာ ထားလေ့ရှိကြပါတယ်။ Hostname configuration အတွက် hosts file တို့၊ DNS server address မှတ်တယ့် resolve.conf တို့လို configuration file တွေအပြင်၊ GUI windows အတွက် လိုအပ်တယ့် X11 ရဲ့ configuration တွေလည်းရှိပါတယ်။ တကယ်လို့ သင့်ရဲ့ System ပေါ်ကို တစ်ခြား application တွေ တင်မယ်ဆိုရင် ၊ ဆိုကြပါဆို့ Apache တို့ MySQL server တို့ တင်မယ်ဆိုရင် Apache service အတွတ် Mysql-server service အတွက် လိုအပ်တယ့် Configuration file တွေကို /etc အောက်မှာ /etc/apache2 စသဖြင့် သက်ဆိုင်ရာ sub-directory အောက်မှာ ထားသွားမှာဖြစ်ပါတယ်။


/home
User တွေရဲ့ home directory ပါ။ User တစ်ယောက်ချင်းအတွက် /home directory ရဲ့အောက်မှာ username နဲ့ sub-directory တစ်ခုဆီ တည်ဆောက်ပေးလေ့ရှိပါတယ်။ (ဥပမာ၊ divinity ဆိုတယ့် user အတွတ် /home/divinity ဆိုတဲ့ directory ကိုဆောက်ပေးမှာဖြစ်ပြီး user 'divinity' ရဲ့ ကိုယ်ပိုင် home directory အဖြစ်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။)User တစ်ယောက်ရဲ့ home directory ကို တစ်ခြား user တစ်ယောက်က ဝင်ကြည့် ဝင်ပြင် လုပ်လို့မရအောင် လုပ်ထားလေ့ရှိပါတယ်။ User တစ်ယောက်ချင်းစီရဲ့ Environmental variable / parameter တွေကိုလည်း သက်ဆိုင်ရာ User ရဲ့ home directory အောက်မှာ သက်မှတ်ပေးလေ့ရှိပါတယ်။


/root
ဒီ directory ကို directory tree ရဲ့ အစဖြစ်တယ့် System Root directory ( '/' ) နဲ့ ရောတတ်ကြပါတယ်။ ဒီ /root directory က Linux system တွေရဲ့ SuperUser ဖြစ်တယ့် root user ရဲ့ home directory ဖြစ်ပါတယ်။ System root directory ( '/' ) နဲ့ဘာမှမဆိုင်ပဲ System root ရဲ့အောက်မှာ ဒိုက်ရိုက်ရှိနေတယ့် directory တစ်ခုမျှသာဖြစ်ပါတယ်။


/lib
Linux system နဲ့ သူ့ရဲ့ Program တွေက အသုံးပြုမယ့် library files တွေထားတယ့်နေရာဖြစ်ပါတယ်။ Library file ဆိုတာ Windows မှာ ဆိုရင်တော့ DLL file တွေနဲ့ တူပါတယ်။


/usr
User application တွေနဲ့ သက်ဆိုင်တဲ့ file တွေကို ထားတယ့်နေရာဖြစ်ပါတယ်။ User တွေအသုံးပြုမယ့် telnet တို့ ftp တို့အတွတ် binary တွေ configuration တွေကို /usr အောက်က သက်ဆိုင်ရာ sub-directory တွေထဲမှာ ထားပါတယ်။ ( ဥပမာ၊ တကယ်လို့ Apache ကို install လုပ်ထားမယ်ဆိုရင် Apache configuration file က /etc အောက်ကိုရောက်နေပေမယ့် ကျန်တယ့် Apache module တွေက /usr အောက်မှာ ရှိမှာဖြစ်ပါတယ်။ )


/var
ဒီ directory ကတော့ Spooling လုပ်ဖို့လိုအပ်တယ့် data တွေကို ထားတယ့် နေရာလို့ ပြောလို့ရပါတယ်။ Variable data directory လို့ခေါ်တယ့် အတိုင်း အမြဲတန်းပြောင်းလဲနေတယ့် file တွေပါ။ Printer deamon ရဲ့ printer spool လိုမျိုးတွေ၊ Mail server တွေရဲ့ mailbox တွေ mail queue တွေကို /var အောက်မှာထားပါတယ်။ Linux system ရဲ့ system log file တွေကိုလည်း /var/log directory ထဲမှာ ထားလေ့ရှိပါတယ်။ System မှာ run နေတယ့် service တွေနဲ့ system ရဲ့ လုပ်ဆောင်ချက်အားလုံးနည်းပါးကို /var/log အောက်မှာ သက်ဆိုင်ရာ log file တွေနဲ့ မှတ်ပါတယ်။


/tmp
User တိုင်း Service တိုင်း everyone full permission ရတယ့် directory တစ်ခုပါပဲ။ Service တွေအတွက် လိုအပ်တယ့် temporary file တွေကို /tmp directory ထဲမှာ ထားလေ့ရှိပါတယ်။ /tmp ထဲက temporary file တွေကို အချိန်အပိုင်းအခြားတစ်ခုနဲ့ဖြစ်စေ၊ Program ကအသုံးပြုပြီးသွားရင် သူ့အလိုအလျောက်ဖြစ်စေ၊ system reboot မှာဖြစ်စေ ရှင်းပြစ်လေ့ရှိပါတယ်။


/dev
Linux system ရဲ့ အထူးစမ်းဆုံး directory ပါ။ Computer မှာရှိနေတယ့် hardware တွေကို file တွေအဖြစ်နဲ့ ပြထားတာကို တွေ့ရပါလိမ့်မယ်။ /dev/cdrom, /dev/fd0 အစရှိသဖြင့် computer ရဲ့ CDrom device နဲ့ floppy device ကို ကိုယ်စားပြုတယ့် file တွေ ကိုတွေ့ရပါလိမ့်မယ်။ IDE hard drive တွေကို ပထမ hard drive ကို /dev/hda၊ ဒုတိယ hard drive ကို /dev/hdb အစရှိသဖြင့်၊ SATA, SCSCI drive တွေကို /dev/sda , /dev/sdb အစရှိသဖြင့် ကိုယ်စားပြုလေ့ရှိပါတယ်။ /dev directory မှာရှိတယ့် file တိုင်းဟာ read နိုင် write နိုင်ပြီး hardware device တွေကို direct communicate လုပ်ပါတယ်။ ဥပမာပြောရရင် /dev/dsp ဆိုတယ့် file ဟာ system speaker ကို ကိုယ်စားပြုပါတယ်။ Speaker file ကို တစ်ခုခုရေးကြည့်ရအောင်။ echo "Hello testing" >> /dev/dsp လို့ command ရိုက်ရင် speaker က အသံတစ်မျိုးထွက်ပါလိမ့်မယ်။ (Hello Testing လို့တော့ မဟုတ်ဖူးပေါ့ဗျာ။ /dev အောက်က fileတွေကို read / write လုပ်ချင်းအားဖြင့် hardware device တွေကို access လုပ်တယ်ဆိုတာ သိစေရုံ သက်သက်မျှသာ ဖြစ်ပါတယ်။ )


/mnt
Linux system တွေရဲ့ Generic mount point ဖြစ်ပါတယ်။ Default မှာတော့ directory အလွတ်ကြီးတစ်ခုပါ။ ဥပမာ pen drive လေးတပ်လိုက်တယ်ဆိုရင် တကယ်လို့ pen drive ကို detect ဖြစ်မယ်ဆိုရင် Linux က /mnt အောက်မှာ mount point တစ်ခု တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ /mnt/FAT ဆိုတာမျိုးပေါ့။ အဲဒီ /mnt/FAT ကို ဖွင့်ကြည့်ရင် ကိုယ့် pen drive ထဲက file တွေကို မြင်ရမှာဖြစ်ပါတယ်။ တစ်ချို့ device တွေကို manual mount လုပ်ပေးရရင်လည်း Generic အနေနဲ့ /mnt အောက်မှာပဲ mount လုပ်ကြလေ့ရှိပါတယ်။


/proc
Linux ရဲ့ ထူးစမ်းတဲ့ file system / directory နောက်တစ်ခုဖြစ်ပါတယ်။ /proc directory ဟာ ဘယ် hardware media ပေါ်မှာမှ မရှိပါဘူး။ Virtual memory ထဲမှာ ယာယီတည်ဆောက်ထားတယ့် directory တစ်ခုဖြစ်ပါတယ်။ Operation system ရဲ့ လက်ရှိ အခြေအနေ (Current state) ကိုဖော်ပြတယ့် file တွေကို tree structure တစ်ခုလို directory အဆင့်ဆင့်နဲ့ တည်ဆောက်ထားပြီး အချိန်နဲ့အမျှပြောင်းလည်းနေနိုင်တယ့် filesystem တစ်ခုလည်းဖြစ်ပါတယ်။ /proc အကြောင်း အသေးစိတ်ကတော့ ဒီ URL ကို ညွှန်ပါရစေ
http://www.freeos.com/articles/2879/


/opt
Unix standard directory တစ်ခုဖြစ်ပြီး Linux system တွေမှာ အသုံးနည်းတဲ့ directory တစ်ခုပါ။ Default installation တုန်းက မပါခဲ့တယ့် system / operation system နဲ့လည်း မသက်ဆိုင်တယ့် Application တွေကို /opt အောက်မှာ install ကြလေ့ရှိပါတယ်။ Linux distribution အများဆုကတော့ /usr ကို ပိုအသုံးများပြီး /opt ကို သိပ်အသုံးပြုလေ့မရှိပါဘူး။

................

ဒီ directory structure အကြောင်း ဒီတိုင်းဖတ်ရင် နည်းနည်း ခေါင်းနောက်သွားနိုင်ပါတယ်။ ဒါပေမယ့် Linux computer တစ်လုံးနဲ့ ယှဉ်ပြီး ကြည့်ရင် အလွန်လွယ်လွယ်ကူကူ သဘောပေါက်နိုင်ပါတယ်။ Linux community တွေမှာ ပြောလေ့ရှိတယ့် စကားတစ်ခုရှိပါတယ်။ 'Get your hands dirty'။ လက်တွေ့လုပ်ဖို့ တိုက်တွန်းတယ့် idiom တစ်ခုဖြစ်ပါတယ်။ စမ်းသပ်ရင်း နားလည်လာရင် Linux installation လုပ်ကတည်းက ကိုယ်က ဒီ linux box ကို ဘာ အတွက်အသုံးပြုမလည်း ဆိုတာပေါ်မူတည်ပြီး partitioning ကို လိုသလို partition ပိုင်းပြီး ပိုကောင်းတယ့် read / write speed ကို လည်း ရနိုင်ပါလိမ့်မယ်။

Linux system တစ်ခုအတွက် partitioning stage အကြောင်းကိုလည်း နောက် doc တစ်ခုမှာ ရေးဖို့ကြိုးစားပါမယ်။ Guide line ဆိုတာမျိုးထက် partitioning အကြောင်းရှင်းပြရင်းနဲ့ ဘယ်လို server မျိုးအတွက် ဘယ်လို partition scheme မျိုးထားသင့်တယ်ဆိုတာမျိုး ဆွေးနွေးချင်ပါသေးတယ်။ ကျေးဇူးတင်ပါတယ်။


Divinity