Tuesday, February 1, 2011

How to maintain Legacy systems in 10 min

How to maintain Legacy systems in 10 min

Legacy system အကြောင်းနည်းနည်းပြောမလို့။ တကယ့်ကိုနည်းနည်းပါပဲ။
Legacy system ဆိုတာ ရှေးကတည်းက မပစ်ရက်ဘဲ သိမ်းထားတဲ့ ဘိုးဘွားပိုင် ဗီရိုကြီးလို၊ နေရရှုပ်သလောက် အသုံးမကျတဲ့ software တွေပါ။ အဲဒီလို sytems တွေကို စင်ကာပူ အနှံ့မှာတွေ့ရပါတယ်။

အဲဒီတော့ ဘယ်လို Maintain လုပ်မလဲ။
(ဖြစ်နိုင်ရင် အလွယ်ဆုံးက အလုပ်ပြောင်းလိုက်)။

အဲဒီလိုမှ မဖြစ်နိုင်ရင် မရှိဖို့များတဲ့ documentation တောင်းကြည့်။
Database design ကို ကြည့်။ ဘယ်လောက်အသုံးမကျလဲဆိုတာကို duplicate columns တွေ table တစ်မျိုးမှာ နာမည်တစ်မျိုးဖြစ်နေတဲ့ Column name တွေကို အကဲခတ်လိုက်။ ဒါဆို ဘယ်လောက် ချီးထုပ်ကျတဲ့ system လည်းသိလာမယ်။

Source Code က compile တောင်လုပ်လို့ရချင်မှရမယ်။ ဒါပေမယ့် ဘုရားစာဆိုထား။ ကံကောင်းအောင်။ ဖွင့်ခါနီးမှာ အရဟံလေးဘာလေးရွတ်၊ ဥုံ ဆိုပြီး ဖွင့်ကြည့်လိုက်ရင် ... အဲဒီမှာ အံ့အားသင့်စရာကောင်းလောက်အောင် ဖြစ်သလိုလေးလုပ်သွားတဲ့ကောင်တွေရဲ့ codes တွေကို တွေ့ရမယ်။ အဲဒါဆို သတ်သေလိုက်ရမလား။ .... မဟုတ်သေးဘူး။ မလိုဘူး။ ကိုယ့်ကိုယ်ကို တစ်ခုပဲယုံကြည်။ ရှေ့ကကောင်တွေထက် တော်လို့ ငါ့်လက်ထဲရောက်လာတာလို့ပဲတွေးလိုက်။ ဟုတ်ဟုတ်မဟုတ်ဟုတ်။

စိတ်ထဲမှာတစ်ခုပဲထား။ ရှေ့ကကိစ္စတွေမှာ မှားရင် တတ်နိုင်သမျှပြင်မယ်။ ငါပြင်သမျှကိုတော့ ငါတာဝန်ယူတယ်။ အဲဒါကို နည်းနည်း လူသိအောင်လုပ်ထားပါ။ အရင်က နှစ်ပေါင်းများစွာ ဘာမှမဖြစ်ဘဲ run လာတယ်လို့ပြောရင် Are U sure, dude? လို့သေချာမေးထားပါ။ ဘာမှမဖြစ်ဘဲ run နေတာနဲ့ ဘာဖြစ်နေမှန်းမသိဘဲ run နေတာနဲ့ဟာ ငတုံးတွေအတွက်တော့ အတူတူပဲ။

စိတ်ပိုင်းဆိုင်ရာမှာ အဲဒီလို ပြင်မဟဲ့လို့ပိုင်းဖြတ်ပြီးရင် တစ်ခုကို အသေမှတ်ပါ။ မြင်နေရတဲ့ source code ဟာ ကိုယ်တစ်ယောက်တည်းသုံးနေတာမဟုတ်ဘူးဆိုတာကို သုံးခါလောက် နှလုံးသွင်းပါ။ Legacy မှာ ဒီ codes တွေကို တခြား system တွေက share သုံးနေတာ ၊ interface တွေက တစ်ဆင့် သုံးနေတာ၊ web service share ထားတာ အကုန်ဖြစ်နိုင်တယ်။ လုံးဝမထင်မှတ်လောက်အောင် အသုံးမကျတဲ့ နောက်တစ်ခုခုတောင်မှ ဖြစ်နိုင်တယ်။

နောက်ပြီး တစ်ခုသိထားဖို့က Obama ဘယ်လောက်တော်တော် အမေရိကန်မွဲတာမကယ်နိုင်ဘူး .. ဆိုတာလေးကို သတိပြုပါ။ ဆိုလိုတာက revamp လုပ်ထည့်လိုက်မယ်လို့ သိပ်ပြီး မစဉ်းစားစေချင်ဘူး။ လောလောဆယ် ဘယ်လို architecture မှာ သုံးထားလဲ။ အဲဒီ architecture ရဲ့ limitation တွေကို နားလည်သင့်သလောက်နားလည်ဖို့လုပ်ပါ။ ပြင်တဲ့အခါကြရင် function သေးသေးလေးတစ်ခုပဲဖြစ်ဖြစ်ပြင်တာနဲ့ ဘယ်နေရာမှာ သုံးထားသေးလဲ သေချာအောင် လုပ်ပါ။ java သမားတွေဆို eclipse မှာ reference->workspace or reference-->project တွေ ကြည့်ပါ။ source code control တွေဘာတွေ သေချာသုံးပါ။ တကယ်လို့ ကိုယ်ပြင်လိုက်တာကြီးမှားသွားရင်တောင် ချက်ချင်း rollback ပြန်လုပ်နိုင်အောင်လုပ်ထားပါ။

ပြင်တဲ့အခါ Java မှာဆိုရင် ကိုယ်ပြင်လိုက်တဲ့ class ကို အတတ်နိုင်ဆုံး သပ်ရပ်သွားအောင်လုပ်ပါ။ warning တွေရှိရင်လည်း တတ်နိုင်သမျှရှင်းပါ။ Clean Code ဖြစ်ဖို့ ကြိုးစားပါ။ ကိုယ်ရေးတာတွေဆိုရင်တော့ ပိုတောင် ဂရုစိုက်ပါ။ အလွယ်ဆုံး နည်းက One function once class ဆိုတာပါ။ အဲဒီလိုပြောရင် တစ်ချို့တွေကလည်း ပျင်းကြတယ်။ မပျင်းပါနဲ့။ Java ကို resuable ရအောင် ရေးနိုင်ဖို့ဆိုတာ အခြေခံ design pattern တွေကျေညက်ဖို့ အများကြီးလိုပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက လိုင်း ၃၀၀၀ ရှိတဲ့ class တွေ ရေးခဲ့တဲ့ နမော်နမဲ့ developer ပါ။ အခုအချိန်မှာတော့ ကိုယ့်နောက်မှာ ကိုယ်ရေးတာကို ပြင်ရမယ့်လူတွေအတွက်ပါကြည့်ပါတယ်။ common method တွေကို helper class တွေရေးသလို ဘုံထုတ်ထားလိုက်ပါ။ နောက်သုံးချင်တဲ့နေရာကလည်း ယူသုံးနိုင်တာပေါ့။ သိပ်ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာရင် တခြား class တစ်ခုမှာ business logic တွေ ဖြေရှင်းဖို့ helper တစ်ခုရေးလိုက်ပါ။ Action class တွေမှာ အားလုံးစုရေးတာဟာ အသုံးမကျတဲ့သူတွေလုပ်နေကြပါ။ အဲဒါမျိုးဘယ်တော့မှ မလုပ်ပါနဲ့။ Program ရဲ့ readibilty ကျသလို၊ အားလုံးက tightly coupled ဖြစ်နေလိမ့်မယ်။ သပ်သပ်ရပ်ရပ် မရေးတတ်သေးတဲ့သူတွေအနေနဲ့ flow diagram လေး အကြမ်းလောက်ခြစ်လိုက်ဖို့ ၀င်မလေးစေချင်ဘူး။ အဲဒီလို သေသေချာချာရေးကြည့်မယ်ဆိုရင် အပိုအလိုမရှိတဲ့ clean code တွေရလာမယ်။ method တွေ ဖောင်းပွမှုမရှိတော့ပါဘူး။

method တစ်ခုကို တတ်နိုင်ရင် duplicates ဘယ်တော့မှမလုပ်ပါနဲ့။ ကျွန်တော်နမူနာတစ်ခုပေးပါမယ်။ ကျွန်တော်သာ ဘုံသုံးလို့ရနိုင်တဲ့ method တစ်ခုကို နေရာတိုင်းမှာ copy ။ paste လုပ်ထားတဲ့ codes ကို တစ်နာရီလောက်ပြင်ရပြီဆိုရင် ရှေ့က ရေးသွားတဲ့ကောင်ကို အယုတ္တ အနတ္တတွေ စပြီး ရေရွတ်ပါပြီ။ တကယ့်ကို tedius ဖြစ်စရာမဟုတ်လား။ နောက်တစ်ခုက တစ်နေရာမှာ ကိုယ်ပြင်ဖို့ကျန်ခဲ့ရင် အဲဒီကလည်းပြဿနာဖြစ်နိုင်တယ်။ အထူးသဖြင့် calculations တွေအများကြီးပါတဲ့ method တွေကို ဘယ်တော့မှ duplicates မလုပ်မိဖို့ ၊ တတ်နိုင်သမျှ share သုံးဖို့ကြိုးစားပါ။ တစ်နေရာမှာ ပြင်လိုက်ရုံနဲ့ အားလုံးမှာ အိုကေသွားတယ်ဆိုရင် နောက်လူရဲ့ အဆဲအဆို အတော်လေးသက်သာသွားနိုင်ပါတယ်။

နောက်တစ်ခုက testing ပါ။ ကိုယ်ပြင်လိုက်တာဟာ ရှေ့က flow ကို ထိခိုက်လားမထိခိုက်လား ဘယ်လိုသိမှာလဲ။ Unit Testing မရှိရင်တော့ sorry ပဲပြောရမှာပဲ။ ကိုယ့်အပိုင်းကိုတော့ သေချာစစ်ပါ။ တတ်နိုင်သမျှ extreme test တွေလုပ်ပါ။

အားလုံးရေးပြီးရင် အချိန်နည်းနည်းလေးပိုယူပြီး system document လုပ်ဖို့ကြိုးစားပါ။ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ပိုနားလည်ဖို့ကြိုးစားတဲ့သဘောပါပဲ။ နောက်တော့ source code ကို Version Control System ထဲ check in ပြန်လုပ်ပါ။

တတ်နိုင်သမျှ ရှေ့မှာ ရေးထားတဲ့ codes တွေကို ပြင်ဖို့မကြိုးစားပါနဲ့။ တကယ်ပြင်ရမယ့်အချိန်ကြရင်သာ သေချာနားလည်အောင်လုပ်ပြီး ပြင်သင့်သလောက်ပဲပြင်ပါ။ တဖြည်းဖြည်းချင်း ပိုကောင်းပြီး ပို stable ဖြစ်လာတဲ့ sytem ဖြစ်အောင် ရေရှည်လုပ်သွားကြပါ။

Source code is the best documentation ဆိုတာလေးကိုလည်း သတိပေးလိုက်ပါတယ်။ Functional Spec: တွေ၊ documentation တွေထဲမှာ ဘာတွေရေးထားရေးထား source code မှာမပါရင် အလကားပါပဲ။ တကယ်တမ်း လက်တွေ့လောကမှာ ပြည့်စုံတဲ့ documentation ကို တွေ့ရဖို့ဆိုတာ ဘုရားပွင့်တာကို ကြုံရသလို ကြုံတောင့်ကြုံခဲဖြစ်နေတတ်ပါတယ်။ common sense နဲ့ အာရုံတွေဖျတ်လတ်အောင်ထားပြီး အကောင်းဆုံးကြိုးစားဖို့ပဲရှိပါတယ်။

Legacy Systems တွေဟာ developers တွေရဲ့ အကောင်းဆုံးလေ့ကျင့်ရေးကွင်းပါပဲ။

Regards,
Zero

No comments: